
ဖီဖာဟာ 2024 Fifa Best Awards ဆုများအတွက် ဆန်ကာတင်စာရင်းကို ကြေညာလာပါတယ်။ ဖီဖာဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုနှင့် တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုတို့အတွက် ဆန်ကာတင်စာရင်းကို ကြေညာလာတာလည်း ဖြစ်ပါတယ်။
ဖီဖာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် မန်စီးတီးစတားများဖြစ်ကြတဲ့ ရိုဒရီနှင့် အာလင်းဟာလန်းတို့ ပါဝင်လာကြပါတယ်။
၎င်းတို့ဟာ မန်စီးတီးကို ၄ ကြိမ်ဆက် ပရီးမီးယားလိဂ်ဖလားရရှိအောင် အဓိကနေရာမှ ကူညီခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ရိုဒရီမှာ စပိန်ကို ယူရို ၂၀၂၄ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြီးနောက် Ballon d’Or ဆုကိုလည်း ရရှိခဲ့ပါတယ်။
ဖီဖာက ကြေညာလာတဲ့ ဆန်ကာတင် ကစားသမား ၁၁ ဦးစာရင်းကို စပိန်အခြေစိုက်ကစားသမားများက လွှမ်းမိုးထားပြီး ရီးရဲလ်မက်ဒရစ်နှင့် အင်္ဂလန် ကစားသမားဂျူ့ဘယ်လင်ဂမ်လည်း ပါဝင်ပါတယ်။
ထူးခြားတာကတော့ လီယွန်နယ်မက်ဆီက ဥရောပအခြေစိုက်မဟုတ်တဲ့ တစ်နှစ်တည်းသော ကစားသမားအဖြစ် ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာပါ။ ဒါ့အပြင် နောက်ထပ်ထူးခြားချက်ကတော့ နွေရာသီတုန်းက ကစားသမားဘဝမှ အနားယူသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းတိုနီခရူးစ်လည်း ပါဝင်နေတာပါ။
အောက်တိုဘာလတုန်းက Ballon d’Or ဆုတွင် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရတဲ့ ဗီနီရှပ်စ်ဂျူနီယာလည်း ပါဝင်လာပါတယ်။
ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ဒါနီကာဗာဂျယ်(စပိန်/ရီးရဲလ်မက်ဒရစ်)၊ အာလင်းဟာလန်း(နော်ဝေ/မန်စီးတီး)၊ ဖီဒီရီကိုဗယ်ဗာဒီ(ဥရုဂွေး/ရီးရဲလ်မက်ဒရစ်)၊ ဖလိုရီယန်ဝါ့ဇ်(ဂျာမနီ/လေဗာကူဆင်)၊ ဂျူ့ဘယ်လင်ဂမ်(အင်္ဂလန်/ရီးရဲလ်မက်ဒရစ်)၊ ကိုင်လီယန်ဘက်ပေး(ပြင်သစ်/ရီးရဲလ်မက်ဒရစ်)၊ လာမိန်းယာမဲလ်(စပိန်/ဘာစီလိုနာ)၊ လီယွန်နယ်မက်ဆီ(အာဂျင်တီးနား/အင်တာမိုင်ယာမီ)၊ ရိုဒရီ(စပိန်/မန်စီးတီး)၊ တိုနီခရူးစ်(ဂျာမနီ/ရီးရဲလ်မက်ဒရစ်)၊ ဗီနီရှပ်စ်ဂျူနီယာ(ဘရာဇီး/ရီးရဲလ်မက်ဒရစ်)တို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် ကာလိုအန်ဆယ်လော့တီ(ရီးရဲလ်မက်ဒရစ်)၊ လီယွန်နယ်စကာလိုနီ(အာဂျင်တီးနား)၊ လူးဝစ်ဒီဖူအန်တီ(စပိန်)၊ ပက်ဂွါဒီယိုလာ(မန်စီးတီး)၊ ဇာဘီးအလွန်ဆို(လေဗာကူဆင်)တို့ ပါဝင်ပါတယ်။
အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် အင်ဒရေလူနန်(ယူကရိန်း/ရီးရဲလ်မက်ဒရစ်)၊ အီဒါဆင်(ဘရာဇီး/မန်စီးတီး)၊ အီမီလီယာနိုမာတီနက်ဇ်(အာဂျင်တီးနား/ဗီလာ)၊ ဂီယန်လူဂီဒွန်နာရမ်မာ(အီတလီ/ပီအက်စ်ဂျီ)၊ မိုက်မိုင်ဂနန်(ပြင်သစ်/မီလန်)၊ အူနိုင်းဆိုင်မွန်(စပိန်/ဘီလ်ဘာအို)တို့ ပါဝင်ပါတယ်။
ဖီဖာဟာ ယင်းဆုများကို ပရိသတ်၊ လက်ရွေးစင်အသင်းခေါင်းဆောင်၊ လက်ရွေးစင်အသင်းနည်းပြများနှင့် မီဒီယာတို့ရဲ့ မဲအဆုံးအဖြတ်ဖြင့် ချီးမြှင့်လာပါမယ်။