ချယ်ဆီးအသင်းဟာ မနေ့ညက Heidenheim အသင်းကို အဝေးကွင်းမှာ ကွန်းဖရင့်လိဂ်ပွဲ သွားရောက် ယှဉ်ပြိုင်ရာ ၂ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့ပါတယ်။
ချယ်ဆီးက ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ခရစ္စတိုဖာ အန်ကွန်းကူ နဲ့ မိုင်ဟေးလ်လို မူဒရပ်ခ် တို့ရဲ့ လှပတဲ့ သွင်းဂိုးတွေနဲ့ နိုင်ခဲ့တာ ဖြစ်ပြီး ကွန်ဖရင့်လိဂ် ပြိုင်ပွဲမှာ (၄) ပွဲကစား၊ (၄) ပွဲနိုင် ရလဒ်နဲ့ အုပ်စုအဆင့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ချယ်ဆီးအသင်းရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို ဂျေဒန် ဆန်ချို က ဖန်တီးပေးခဲ့ပါတယ်။ ဒီနေ့အနိုင်ပွဲမှာ ဂိုးသမား ဖိလစ် ဂျော်ဂျင်ဆန် ရဲ့ ကာကွယ်မှုတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဂိုးသမား ဂျော်ဂျင်ဆန် က “ဒီနေ့ပွဲမှာ ကစားခွင့်ရခဲ့တာကြောင့် ကျေနပ်ခဲ့ရသလို အသင်းရဲ့ခြေစွမ်းကလည်း သိပ်ကိုကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် clean sheet နဲ့အတူ သုံးမှတ်အပြည့် ရရှိခဲ့တာကြောင့် ပျော်ရွှင်မိပါတယ်။
ဒုတိယပိုင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်မှူးတစ်ယောက် လွတ်ထွက်လာတာကြောင့် ပြေးတက်ပိတ်ဆို့လိုက်ပြီး ဂိုးပေါက်ကိုပိုသေးအောင်၊ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကြီးမားလာအောင် ကြိုးစားခဲ့ပါတယ်။
သူ့ရဲ့ပထမတစ်ကြိမ် ပိတ်သွင်းချက်ကို တားဆီးနိုင်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် ကန်သွင်းလာတဲ့အချိန် အသင့်ဖြစ်နေအောင် ပြင်ဆင်ခဲ့ပါတယ်။
ကျွန်တော်ဟာ ဒီအသင်းမှာရောက်ရှိနေတဲ့ နေ့ရက်တိုင်းကို ကျေနပ်ပျော်ရွှင်နေသလို အကောင်းဆုံး ဆက်လက် ကြိုးစား၊ လေ့ကျင့်ပေးနေပါတယ်။” လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။