ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကို ခရစ္စတိုဖာ အန်ကွန်ကူ စွန့်ခွာသွားတာကို မြင်တွေ့ရဖို့ မမျှော်လင့်ထားဘူးလို့ ပြောဆိုခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်ကမှ လိုက်ပ်ဇစ်ကနေ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒီရာသီမှာ မာရက်စ်ကာ လက်အောက် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားတာဖြစ်ပါတယ်။
အန်ကွန်ကူဟာ ချဲလ်ဆီးက သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပုံမှန်ပွဲထွက်ခွင့်ရနိုင်တဲ့အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
မာရက်စ်ကာက ပြင်သစ်တိုက်စစ်မှူးအနေနဲ့ လာမယ့် ဆောင်းရာသီပွဲကြပ်ကာလအတွင်း ပွဲကစားချိန် ပိုမို ရရှိလိမ့်မယ်လို့ အာမခံခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ ပိုပြီး ဟန်ချက်ညီဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ဂျာအို ဖိလစ်က လက်စတာနဲ့ပွဲတုန်းက ပရီးမီးယားလိဂ်ပွဲ ကစားခဲ့ပြီး ခရစ္စတိုဖာကလည်း ပရီးမီးယားလိဂ်ပွဲတွေ ကစားသွားရမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီးရှိနေတယ်။ သူတို့အားလုံးကို ပွဲကစားချိန် မျှပေးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့အားလုံးကို ပျော်ရွှင်နေအောင် လုပ်ပေးချင်တာပါ။ အဲဒီလို လုပ်ပေးဖို့က မဖြစ်နိုင်ဘူးဆိုတာ တစ်ခါတလေမှာ သိနေတယ်ဆိုတာတောင်မှပေါ့။ အခုတော့ ဇန်နဝါရီနဲ့ပတ်သက်ပြီး စဉ်းစားရမယ့်အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုမှ နိုဝင်ဘာလကုန်ပိုင်းမှာပဲ ရှိနေပါသေးတယ်။
ကျွန်တော်တို့မှာ ပွဲတွေ အများကြီး ကစားဖို့ရှိနေပါသေးတယ်။ အထူးသဖြင့် ဒီဇင်ဘာလထဲမှာပေါ့။ အဲဒါပြီးရင်တော့ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ အန်ကွန်ကူက ချဲလ်ဆီးမှာမပျော်မရွှင်ဖြစ်နေတယ်လို့ ကျွန်တော့်ကို ပြောခဲ့တာ လုံးဝမရှိပါဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သူနဲ့ စကားပြောခဲ့ပါသေးတယ်။ သူ မပျော်မရွှင်ဖြစ်နေတယ်လို့ မပြောခဲ့ပါဘူး။
သေချာတာကတော့ သူ ပွဲကစားချိန်တွေ ပိုရလိမ့်မယ်။ တခြားကစားသမားတွေအတိုင်းပဲပေါ့။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့မှာ ဒီဇင်ဘာလထဲ ပွဲတွေ အများကြီးကစားဖို့ရှိနေပါတယ်။ လက်စတာနဲ့ပွဲမှာ ဖိလစ် ကစားခဲ့တယ်။ အန်ဇို ကစားခဲ့တယ်။ ဘာဒီယာရှီလေ ကစားခဲ့တယ်။
ကျွန်တော်တို့ ရာသီအစကတည်းက ပြောခဲ့တာက ကျွန်တော့်အတွက် လူစာရင်းက ၂ ခုရှိနေတာမဟုတ်ပါဘူး။ လူစာရင်းက တစ်ခုတည်းပါ။ ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့သူတွေက ကွန်းဖရင့်လိဂ်မှာလည်း ကစားနိုင်တယ်။ ကွန်းဖရင့်လိဂ်မှာ ကစားနိုင်တဲ့သူတွေကလည်း ပရီးမီးယားလိဂ်မှာ ကစားနိုင်တယ်။ အဲဒါက လက်စတာနဲ့ပွဲမှာ သက်သေပါပဲ။”လို့ ပြောကြားခဲ့ပါတယ်။