ဖီယင်နုကို ၁၄ မိနစ် အတွင်း ၃ဂိုးပြန်ပေးပြီး လက်တစ်ကမ်းက နိုင်ပွဲကို လွှတ်ချလိုက်ရပြန်တဲ့ စီးတီးနဲ့ ဂွာဒီယိုလာ

မန်စီးတီးအဖြစ်ကတော့ ဖီယင်နုလိုအသင်းမျိုးကိုတောင် အိမ်ကွင်း အီတီဟက်မှာ အလွယ်တကူနဲ့ ၃ မှတ်အပြည့်ယူရမဲ့ ဒီလိုပွဲမျိုးမှာ ၃ ဂိုးပြတ် ဦးဆောင်ထားပြီးမှ စိတ်ပျက်စရာကောင်းလွန်းတဲ့ ခံစစ်ပိုင်းကြောင့် ၃ ဂိုးပြန်ပေးခဲ့ရပြီး သရေတစ်မှတ်သာရခဲ့တာက ဆိုးရွားလွန်းပါတယ်။

ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးကို ဒီအတိုင်း ပစ်မထားချင်လို့ စာချုပ်သက်တမ်းတိုးပြီးကာမှ ဂွါဒီယိုလာတစ်ယောက် ၆ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာက အံ့အားသင့်စရာပါပဲ။

မန်စီးတီးအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၄၄ မိနစ်မှာ ဟာလန်းက ပယ်နယ်တီကနေ သွင်းယူခဲ့ပြီး ဟာလန်းရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ် သွင်းဂိုးပါဝင်ပတ်သက်မှုက ဂိုး ၅၀ ပြည့်မြောက်ခဲ့ပါတယ်။

ဟာလန်းဟာ ချန်ပီယံလိဂ်မှာ ၄၄ ပွဲကစား၊ ၄၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် ဂန္ထဝင် တိုက်စစ်မှူး နစ္စတယ်လ်ရွိုင်း(၄၅ ပွဲ)ကို ကျော်ဖြတ်ပြီးတော့ ချန်ပီယံလိဂ်မှာ ပွဲအရေအတွက်အနည်းဆုံးနဲ့ သွင်းဂိုးပါဝင်ပတ်သက်မှု ဂိုး ၅၀ ပြည့်ခဲ့တဲ့ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။

ဒုတိယပိုင်းစလို့ ၅ မိနစ်အကြာမှာပဲ ဂွန်ဒိုဂန်က ဒုတိယဂိုး၊ ၅၃ မိနစ်မှာ ဟာလန်းက နောက်ထပ်တစ်ဂိုး သွင်းခဲ့တာကြောင့် မန်စီးတီးတို့ ၅ ပွဲဆက်အရှုံးကနေ ပြန်လာနိုင်ပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ လက်ကျန်မိနစ်တွေမှာ မန်စီးတီးကွင်းလယ်နဲ့ခံစစ်ပိုင်းကစားပုံက လက်လွတ်စပယ်နိုင်လွန်းပြီး ချေပဂိုးတွေကို လွယ်လွယ်ကူကူပဲ ပြန်ပေးခဲ့ပါတယ်။

အထူးသဖြင့် မန်စီးတီးအသင်း ပေးခဲ့ရတဲ့ဂိုးတွေက ဂွါဒီယောနဲ့ အီဒါဆင်တို့ရဲ့ အမှားမကင်းခဲ့ပါဘူး။

ဒုတိယပိုင်းပွဲကစားချိန် ၇၅ မိနစ်ကနေ ၈၉ မိနစ်အထိ ၁၄ မိနစ်အတွင်းမှာပဲ ဖီယင်နုအသင်းက ချေပဂိုး ၃ ဂိုး သွင်းနိုင်တာဟာ ဖီယင်နုရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးရမှာဖြစ်သလို မန်စီးတီးရဲ့စိတ်ဓာတ်ပျက်ပြားနေမှုကိုလည်း ဝေဖန်ရမှာပါ။

ဖီယင်နုရဲ့ဂိုးတွေကို မူဆာ၊ ဟီမင်နက်ဇ်၊ ဟန်ကိုတို့က သွင်းယူခဲ့ကြပြီး ချန်ပီယံလိဂ်သမိုင်းမှာ ပွဲစဉ်တစ်ပွဲအတွင်း ၇၅ မိနစ်အထိ ပြိုင်ဘက်ကို ၃ ဂိုးပြတ်ရှုံးနေပြီးမှ သရေတစ်မှတ်ရယူနိုင်ခဲ့တာဆိုလို့ အခု ဖီယင်နုတစ်သင်းသာရှိပါတယ်။

မန်စီးတီးအသင်းကတော့ အာဆင်နယ်(၂၀၁၄ နိုဝင်ဘာ-အန်ဒါလက်ချ်နဲ့ပွဲ၊ ၃-၃ ဂိုး)၊ လီဗာပူးလ်(၂၀၁၇ နိုဝင်ဘာ-ဆီဗီလာနဲ့ပွဲ၊ ၃-၃ ဂိုး)တို့နဲ့အတူ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ ပြိုင်ဘက်ကို ၃ ဂိုးပြတ်ဦးဆောင်ပြီးမှ အနိုင်မရတဲ့ တတိယမြောက် အင်္ဂလိပ်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ဒါ့အပြင် မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲဆက်တိုက် ၂ ဂိုးနဲ့အထက်ပေးခဲ့ရတာက ၁၉၆၃ မေလနောက်ပိုင်း ၆၁ နှစ်အတွင်း ပထမဆုံးအကြိမ်ပါပဲ။