ချဲလ်ဆီး နဲ့ မန်ယူအသင်း နည်းပြဟောင်းတွေကို ခန့်ဖို့ စဉ်းစားနေတဲ့ လက်စတာ စီးတီး

လက်စတာစီးတီးအသင်းဟာ မကြာသေးမီက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ စတိဗ် ကူးပါးရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ ချဲလ်ဆီးနဲ့ မန်ယူ နည်းပြဟောင်းတွေကို စဉ်းစားနေတယ်လို့ သိရပါတယ်။

လက်စတာ ခန့်အပ်ချင်နေသူတွေကတော့ ဂရေဟမ် ပေါ့တား၊ ဒေးဗစ် မိုရက်စ်၊ ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့လို နည်းပြတွေ ဖြစ်ပါတယ်။

လက်စတာစီးတီးဟာ စနေနေ့က ချဲလ်ဆီးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ မာရက်စ်ကာရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဝေးလ်လူမျိုးနည်းပြဟာ ပရီးမီးယားလိဂ် ၁၂ ပွဲသာ တာဝန်ယူကိုင်တွယ်ခွင့်ရခဲ့ပြီး တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေတာမဟုတ်ပေမယ့်လည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းနည်းပြသစ်အဖြစ် ရေပန်းအစားဆုံး နည်းပြ ၂ ဦးကတော့ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ့တားနဲ့ မန်ယူနိုက်တက်ယာယီနည်းပြဟောင်း နစ္စတယ်ရွိုင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ပေါ့တားကို လက်စတာစီးတီးက အရင်တုန်းက ၂ ကြိမ်အထိ ချဉ်းကပ်ခဲ့ဖူးပြီး ၂ ကြိမ်စလုံးကို ငြင်းပယ်ခဲ့တာဖြစ်ပေမယ့်လည်း တနင်္ဂနွေနေ့မှာ နောက်ထပ်တစ်ကြိမ် ချဉ်းကပ်ခံခဲ့ရတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလိပ်လူမျိုးနည်းပြဟာ လက်စတာစီးတီးအသင်းကို နည်းပြဖို့ လုံးလုံး စိတ်မပါသေးဘူးလို့ သိရပြီး နစ္စတယ်ရွိုင်းကလည်း နည်းပြသစ် ရူဘင် အမိုရင်က သူ့ရဲ့ နည်းပြအဖွဲ့ထဲမှာ ဆက်မထားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်ဖို့အတွက် ရှာဖွေနေတာဖြစ်ပါတယ်။

နောက်ထပ်မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဖြစ်တဲ့ ဒေးဗစ် မိုရက်စ်ကလည်း ကူးပါးရဲ့နေရာမှာ အစားထိုးခန့်အပ်ခံရနိုင်တဲ့သူအဖြစ် ထွက်ပေါ်ခဲ့ပြီး ကားလို့စ် ကော်ဘီရန်၊ မိုက်ကယ် ကားရစ်ခ်နဲ့ မာ့ခ် ရော်ဘင်စ်တို့လို နည်းပြတွေလည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။