ချယ်ဆီးအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူက လက်ရှိ ချယ်ဆီးမှာ ပွဲကစားခွင့် ကန့်သတ်ချက်များ ရှိနေရလို့ မပျော်မရွှင် ဖြစ်နေရပေမယ့်လည်း ဒီအခြေအနေတွေကြောင့် အသင်းကနေ ချက်ချင်း ထွက်ခွာသွားဖို့ စိတ်ကူးမရှိသေးဘူးလို့ သိရပါတယ်။
အသက် (၂၇)နှစ်အရွယ် ပြင်သစ်ကစားသမား အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုက်ပ်ဇစ်ကနေ ချယ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှုပါ ခံယူရရင်း သြဂုတ်လကနေ ဒီဇင်ဘာလလယ်လောက်အထိပါ အနားယူခဲ့ရပါတယ်။
အန်ကွန်ကူက သူရဲ့ ချယ်ဆီး ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ဒဏ်ရာ ပြဿနာတွေကြောင့် ရက်ပေါင်း (၂၀၀)ကျော်အထိ အနားယူခဲ့ရပြီး ဒီရာသီမှသာ ဒဏ်ရာကင်းစင်နေပေမယ့်လည်း နည်းပြမာရက်စ်ကာကတော့ အန်ကွန်ကူထက် နီကိုလပ်စ် ဂျက်ဆင်နဲ့ မာဒူအက်ခေးတို့ကိုသာ ပိုမို ပွဲကစားခွင့်ပေးနေပါတယ်။
အန်ကွန်ကူက ဒီရာသီမှာ ချယ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲအထိ ကစားထားခဲ့ရင်း သွင်းဂိုး (၁၀)ဂိုး သွင်းယူထားနိုင်ပေမယ့် (၈)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရသလို အထူးသဖြင့် ပရီးမီးယားလိဂ်ပွဲတွေမှာတော့ အရန်ကစားသမား လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားနေရပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ အန်ကွန်ကူရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ပြီး သူ့ကိုလည်း သူ့အသင်းဟောင်း ပီအက်စ်ဂျီနဲ့ တိုက်စစ်ပိုင်း အားဖြည့်သွားချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က ခေါ်ယူသွားဖို့ပါ စိတ်ဝင်စားလာကြပါတယ်။
တပြိုင်နက်တည်းမှာ အန်ကွန်ကူကလည်း ချယ်ဆီးကနေ ထွက်ခွာသွားဖို့ စီစဉ်နေပြီဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်နေပါတယ်။
ဒီလို သတင်းတွေ ထွက်ပေါ်နေပေမယ့် အန်ကွန်ကူကတော့ အသင်းမှာ ပွဲကစားခွင့် နည်းပါးနေကြောင့် မပျော်မရွှင် ဖြစ်နေရပေမယ့်လည်း ချယ်လ်ဆီးအသင်းကနေတော့ ချက်ချင်းကြီး ထွက်ခွာသွားဖို့ စိတ်ကူးမရှိသေးဘဲ အနည်းဆုံး ရာသီကုန်အထိတော့ အသင်းမှာ ဆက်လက် ကစားသွားဖွယ်သာ ရှိနေပါတယ်။