မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ငါးပွဲဆက် အရှုံးကြောင့် ကစားသမားများ နာကျင်နေရကြောင်းနှင့် အခြေအနေ အလှည့်အပြောင်းဖြစ်လာအောင် ၎င်းတို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးနှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုပြီး ၂ ရက်အကြာတွင်ပင် စပါးစ်ကို အိမ်ကွင်းမှာ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် အကြီးမားဆုံးအိမ်ကွင်းရှုံးပွဲ ကြုံလာတာ ဖြစ်ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ၅ ပွဲဆက် အရှုံးနှင့် ကြုံလာရတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဂွါဒီယိုလာဟာ နည်းပြဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ၅ ပွဲဆက် အရှုံးနှင့် ကြုံလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာဟာ အသင်းရဲ့ ပြဿနာကို ဖြေရှင်းသွားမယ်လို့ ကြုံးဝါးထားပါတယ်။
လီဗာပူးဟာ တနင်္ဂနွေနေ့ညတုန်းက ဆောက်သမ်တန်ကို ၃-၂ ဖြင့် အနိုင်ရပြီးနောက် မန်စီးတီးကို ရမှတ် ၈ မှတ်အထိ ဖြတ်လာပါတယ်။
ဂွါဒီယိုလာက “ဒီကစားသမားတွေအပေါ်မှာ ယခင်ထက် ပိုပြီးတော့ ယုံကြည်တယ်။ ပရိသတ်တွေအတွက်သော်လည်းကောင်း၊ ကလပ် အတွက်သော် လည်းကောင်း ခြေစွမ်းဆိုးဆိုးနဲ့ ကစားချင်တဲ့ ကစားသမားမျိုး မတွေ့ဖူးပါဘူး။
ဘယ်သူမှလည်း ဒါမျိုး မလုပ်ချင်ဘူး။ ပရိသတ် ၆၀၀၀၀ ရှေ့ ရောက်နေချိန်မှာ သူတို့လည်း ခြေစွမ်းပြချင်ကြပါတယ်။ ဒါပေမဲ့ အကြောင်းပြချက် အမျိုးမျိုးတွေနဲ့ နာကျင်နေရတယ်”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ အင်္ဂါနေ့တွင် ဖီယင်နုနှင့် ချန်ပီယံလိဂ်ကစားပြီးပါက ယခုအပတ်အကုန်မှာ အန်ဖီးလ်သို့ သွားရောက်ပြီး လီဗာပူးနှင့် ရင်ဆိုင်ရပါမယ်။ လီဗာပူးကိုသာ ရှုံးနိမ့်ပါက မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက် အဆုံးသတ်သလောက် ဖြစ်လာပါမယ်။
မန်စီးတီးဟာ Ballon d’Or ဆုရှင်ရိုဒရီနှင့် မာတီယိုကိုဗာဆစ်တို့အား ဆုံးရှုံးထားသလို ခံစစ်ပိုင်းမှာလည်း ဒဏ်ရာပြဿနာများ ကြုံနေပါတယ်။