အသင်းဟောင်းလက်စတာကို ညှာတာ မနေဘဲ ၃ မှတ် ပြည့် ရယူခဲ့တဲ့ နည်းပြ မာရက်စ်ကာနဲ့ ချယ်ဆီး

မနေ့ညက အသင်းဟောင်းလက်စတာနဲ့ ပြန်လည်ဆုံတွေ့တဲ့ပွဲမှာ ချယ်ဆီးနည်းပြမာရက်စ်ကာ က အမှားအယွင်းမရှိ နိုင်ပွဲရယူပြီး လက်စတာ ပရိသတ်တွေကို စိတ်ပျက်စရာဖြစ်စေခဲ့ပါတယ်။

အခုပွဲမှာ မာရက်စ်ကာက ပါလ်မာနဲ့ ယာအိုဖိလစ်တို့ကို အတူတွဲသုံးခဲ့ပြီး နှစ်ယောက်စလုံး ခြေစွမ်းပြကစားနိုင်ခဲ့ကြပါတယ်။

ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို အန်ဇိုဖာနန်ဒက်ဇ် တို့ပေးတာကနေ နီကိုလက်စ်ဂျက်ဆင်က လှလှပပ အဆုံးသတ်ကန်သွင်းခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ နီကိုလက်စ်ဂျက်ဆင်ရဲ့ သွင်းဂိုအရေအတွက်က ၇ ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အခုအချိန်အထိ နီကိုလက်စ်ဂျက်ဆင်က ပြိုင်ပွဲစုံ ၅၇ ပွဲကစား၊ ၂၄ ဂိုးသွင်းခဲ့ပြီး အဲဒီကာလအတွင်း သူ့ထက် သွင်းဂိုးပိုများတာဆိုလို့ ပါလ်မာ (၃၂ ဂိုး)သာ ရှိပါတယ်။

ချယ်ဆီးအတွက် ဒုတိယဂိုးကို ၇၅ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က ခေါင်းတိုက်သွင်းခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ဖေဖော်ဝါရီလနောက်ပိုင်း ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်သလို အသင်းရဲ့ပွဲစဉ်တစ်ပွဲတည်းမှာ ဂိုးဖန်တီးမှုပြုလုပ်ပြီး ဂိုးသွင်းနိုင်တာက အခုမှ ပထမဆုံးအကြိမ်ပါပဲ။

လက်စတာအသင်းရဲ့ ချေပဂိုးကိုတော့ ပယ်နယ်တီကနေ ဂျော်ဒန်အယူးက သွင်းယူခဲ့ပြီး အဲဒါက တစ်ပွဲလုံးမှာ လက်စတာအသင်းအတွက် ၁ ကြိမ်တည်းသော ဂိုးပေါက်တည့်မှုဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ချယ်ဆီးတို့ အိမ်ကွင်းထက် အဝေးကွင်းမှာ ခြေစွမ်းပိုပြနေပြီး အိမ်ကွင်း ၆ ပွဲမှာ ၉ မှတ်သာရခဲ့ပေမဲ့ အဝေးကွင်း ၆ ပွဲမှာ ၁၃ မှတ်အထိရယူနိုင်ခဲ့ပါတယ်။

လက်စတာအသင်းဟာ ၂၀၂၃ ဧပြီလနောက်ပိုင်း ပရီးမီးယားလိဂ်အိမ်ကွင်း ၂ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်အောင် ရုန်းကန်ရတော့မှာပါ။