ဂွါဒီယိုလာနဲ့မန်စီးတီးတို့ ပြိုဆင်းသွားပုံက မယုံနိုင်စရာပါပဲ။ ညက အီတီဟက်မှာ တော့တင်ဟမ် စပါးကို ၄-ဝ ထိ ဂိုးပြတ်သွားတဲ့ ရလဒ်က အိပ်မက်ဆိုး တစ်ခုလို ဖြစ်သွားပါပြီ။
ရက်ပေါင်း ၂၀ ကျော်အတွင်းမှာပဲ မန်စီးတီးအသင်း ဆိုးဆိုးရွားရွား ကျဆင်းသွားပုံက ဘယ်သူမှယုံနိုင်မှာ မဟုတ်ဘဲ ဂွါဒီယိုလာကိုယ်တိုင်တောင် သူ့အသင်းအခြေအနေကို လက်ခံနိုင်ဖို့ ခက်ခဲလွန်းပါတယ်။
ဒီလို ဆိုးရွားတဲ့အနေအထားမျိုး ဂွါဒီယိုလာရော မန်စီးတီးကစားသမားတွေပါ တစ်ခါမှ မကြုံဖူးသေးပါဘူး။
အားလုံးက အောင်မြင်မှုအလီလီရယူနိုင်တဲ့ ချန်ပီယံတွေဖြစ်တာကြောင့် အခုလို အခြေအနေဆိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ပိုင်းရော တည်ငြိမ်မှုပါ လုံးဝပျောက်ဆုံးသွားပုံပါ။
အခုပွဲမှာ စပါးအသင်းက အရမ်းကြီး လန်ပျံနေအောင် ကောင်းနေတာ မဟုတ်ပါဘူး။ မန်စီးတီးခံစစ်က စိတ်ပျက်စရာကောင်းလောက်အောင် ယိုယွင်းပျက်စီးနေတာကြောင့် အလွယ်တကူပဲ ဂိုးတွေရခဲ့တာဖြစ်ပါတယ်။
စပါးအသင်း ရခဲ့တဲ့ ၄ ဂိုးမှာ ၃ ဂိုးက မန်စီးတီးကစားသမားတွေရဲ့အမှားကနေ စတင်ခဲ့တာဖြစ်သလို ယုံကြည်မှုပျောက်ဆုံးနေတဲ့အချိန်မှာ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရတာက မန်စီးတီးကို အခြေအနေ ပိုဆိုးသွားစေပါတယ်။
ပထမပိုင်း ၁၃ မိနစ်မှာ ဂါဒီယောရဲ့ မပြတ်သားတဲ့ ဘောလုံးရှင်းထုတ်မှု အမှားကနေ ကူလူဆက်ဗ်စကီး ကန်တင်ပေးလိုက်တာကို မက်ဒီဆင်က အလိုက်သင့်ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။
ဒုတိယဂိုးကလည်း ဂါဒီယော လူပေးမှားမှုကြောင့် စပါးအသင်းတိုက်စစ်လမ်းကြောင်းစတင်ပြီး ဆွန်ဟောင်မင် ခင်းပေးလိုက်တဲ့ အခွင့်အရေးကို မက်ဒီဆင်က ပါးပါးနပ်နပ် အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးတို့ ယိုယွင်းပုံက မြင်မကောင်းဘဲ ဟာလန်းဆိုရင် ဟက်ထရစ်ရနိုင်လောက်တဲ့ အခွင့်အရေးတွေကို ဂိုးပေါ်ထောင်ကန်ခဲ့သလို ဖိုဒန်ကလည်း ဟာလန်းနဲ့အားကျမခံ ဂိုးပေါ်တွေချည်း လှိမ့်ကန်ခဲ့ပါတယ်။
မန်စီးတီးကစားသမားတွေရဲ့ တလွဲကန်ချက်ကြောင့် တစ်ပွဲလုံး ဂိုးပေါက်ကန်ချက် ၂၃ ကြိမ်အထိပြုလုပ်ခဲ့ပေမဲ့ ဂိုးပေါက်တည့်မှုက ၅ ကြိမ်သာ ရှိခဲ့ပါတယ်။
ဒုတိယပိုင်း ၅၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆိုလန်ကီ ခင်းပေးတာကို ပတ်ဒရိုပေါ်ရိုက အပိုင်ကန်သွင်းခဲ့ပြီး စတုတ္ထဂိုးကိုတော့ ပွဲပြီးခါနီးမှာ ဗာနာ ဘောလုံးဆွဲပြေးပြီးတော့ ညာခြမ်းကို ထိုးပေးတာကနေ ဘရန်နန်ဂျွန်ဆင်က အလိုက်သင့်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဂွါဒီယိုလာအတွက် ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရလို့ အရှက်ကွဲစရာဖြစ်ခဲ့ပြီး ဒီညပွဲမှာသာ လီဗာပူးလ်အနိုင်ရမယ်ဆိုရင် မန်စီးတီးနဲ့ ၈ မှတ်အထိ ကွာဟသွားမှာပါ။