ချယ်ဆီးက အန်ကွန်ကူကို နေရာ မပေးတာ နေမာ လက်သစ် ကစားသမားကြောင့် ဆိုတဲ့ သုံးသပ်ချက် ထွက်လာ

ချယ်ဆီးအသင်းဟာ ဒီရာသီမှာ ပြင်သစ် တိုက်စစ်သမား အန်ကွန်ကူကို နေရာပေးမှု သိသိသာသာ လျှော့ချထားတဲ့ အဓိက အကြောင်း အရင်းကို သူ သိကြောင်း အီမန်နူရယ် ပီတစ်က ဖော်ထုတ်လိုက်ပါတယ်။

လိုက်ပ်ဇစ် ကနေ ပြောင်းလာတဲ့ အန်ကွန်ကူ ကို မျှော်လင့်မှုတွေ များစွာ ရှိခဲ့ကြပြီး လက်ရှိ နည်းပြ မာရက်စ်ကာ ရောက်လာချိန်မှာတော့ တိုက်စစ်မှာ နီကိုးလပ်စ် ဂျက်ဆန်ကိုသာ အဓိကထား အသုံးပြု နေခဲ့တာပါ။

ဒီလို အခြေအနေထဲမှာတောင်မှ အန်ကွန်ကူ ဟာ ဒီရာသီ ၁၇ ပွဲ ကစား ၁ဝ ဂိုး သွင်းထားပါတယ်။ ဂိုးအများစုကတော့ ပြည်တွင်း ရှုံးထွက်ဖလားတွေနဲ့ ဥရောပ ကွန်ဖရန့်လိဂ်မှာ သွင်းယူတာတွေ ဖြစ်ပါတယ်။

အန်ကွန်ကူ အခုလို ဖယ်ထုတ်ခံထားရတာဟာ နည်းပြ မာရက်စ်ကာက သူရဲ့ longer-term ပလန် အတွက် ဖြစ်ကြောင်း၊ ဘရာဇီး ကြယ်ပွင့်လေး ရောက်လာရင် နေရာပေးဖို့ ဖြစ်ကြောင်း ပီတစ်က အခုလို သုံးသပ် ပြောဆိုလာခဲ့တာပါ။

” အန်ကွန်ကူ ချယ်ဆီးမှာ ဦးစားပေး မခံရဘူး ဆိုတာက သူ့နေရာမှာ ကစားဖို့ ရောက်လာမယ့် Estevao Willian ကြောင့်ပါပဲ။ သူက အသက် ၁၇ သာ ရှိသေးပေမယ့် ဘရာဇီးမှာ နေမာရဲ့ စံချိန်တွေကို ချိုးဖျက်ခဲ့သူပါ။

သူ့ရဲ့ အေးဂျင့်ကလည်း Estevao ဟာ နောက်ရာသီ ချယ်ဆီးမှာ နံပါတ် ၁ဝ နေရာက ကစားရမယ်လို့ ချယ်ဆီး ဘုတ် အဖွဲ့နဲ့ သဘောတူညီမှု ရထားကြောင်း ရှင်းရင်းလင်းလင်း ပြောထားပါတယ်။

အန်ကွန်ကူ က ချယ်ဆီးမှာ ကောင်းကောငး လုပ်နေတယ်၊ ပြင်သစ်မှာရောပဲ။ ဒါပေမယ့် ဒဏ်ရာတွေက သူ့ကို ဆွဲချနေတယ်။ ချယ်ဆီးက သူ့ကို ထိန်းထားရတာ သဘောကျမယ် ဆိုပေမယ့် ဦးစားပေး ပွဲထွက်ခွင့်တော့ ပေးမှာ မဟုတ်ဘူး။ ” လို့ ပီတစ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

နာမည်ကြီး ဘရာဇီး ကြယ်ပွင့်တွေဟာ ဒီတလောနှစ်တွေ အတွင်း ချယ်ဆီးမှာ အောင်မြင်မှုတွေ ယူခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိနေပါတယ်။ အဲဒီထဲမှာ ဝီလျံ၊ ရာမီးရက်စ်၊ အော်စကာ၊ ဖိလစ်ပီ လူးဝစ်စ်၊ သီယေဂို ဆေးလ်ဗား တို့ ဖြစ်ပါတယ်။