နည်းပြသက်တမ်းတလျှောက် မကြုံဖူးတဲ့ မှတ်တမ်းမျိုး ရသွားတဲ့ ဂွာဒီယိုလာနဲ့ စီးတီးရဲ့ ၄ ပွဲဆက် ရှုံးပွဲ

မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲမှာ မန်စီးတီးအသင်းဟာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ဒါကြောင့် မန်စီးတီးနာမည်ကျော်နည်းပြကြီး ဂွါဒီယိုလာတစ်ယောက် သူ့ရဲ့နည်းပြဘဝတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ ၄ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့တဲ့မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကို ၂၃ မိနစ်မှာ ဟာလန်းက သွင်းယူခဲ့ပြီး ဟာလန်းအတွက် ပရီးမီးယားလိဂ် ၇၅ ဂိုးမြောက်လည်းဖြစ်ခဲ့ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ် ၇၇ ပွဲသာ ကစားပြီးချိန်မှာပဲ ၇၅ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နယူးကာဆယ် ဂန္ထဝင် တိုက်စစ်မှူး အလန်ရှီးယား(၉၃ ပွဲ၊ ၇၅ ဂိုး)ကို ကျော်ဖြတ်ပြီးတော့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအနည်းဆုံးနဲ့ သွင်းဂိုး ၇၅ ဂိုးပြည့်မြောက်ခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒုတိယပိုင်းမှာတော့ အိမ်ရှင်ဘရိုက်တန်အသင်းက ပိုကောင်းတဲ့ခြေစွမ်းပြသခဲ့ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှ လူစားဝင်လာတဲ့ တိုက်စစ်ကစားသမား ယာအိုပတ်ဒရိုက မန်စီးတီးကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။

၇၈ မိနစ်မှာ မန်စီးတီးပယ်နယ်တီဧရိယာအတွင်း ရှုပ်ယှက်ခတ်နေတဲ့အနေအထားကနေ ယာအိုပတ်ဒရိုက အနီးကပ်ပိတ်သွင်းခဲ့ပြီး ဒုတိယဂိုးကလည်း ၈၃ မိနစ်မှာ ယာအိုပတ်ဒရို ပါးပါးနပ်နပ် ဘောလုံးခင်းပေးတာကနေ အိုရိုင်လေက သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာ စပါး၊ ဘုန်းမောက်၊ စပို့တင်းလစ္စဘွန်းနဲ့ အခု ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့ပြီး အခုဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၅ မှတ်ကွာဟသွားပြီ ဖြစ်ပါတယ်။