ချယ်ဆီးက ဘယ်အသင်းကို မဆို အနိုင်ယူနိုင်တယ် လို့ အာဆင်နယ်ပွဲကြို နည်းပြ မာရက်စ်ကာ ကြွေးကြော်

ချယ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက ဒီအပတ် ချယ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ် မတိုင်ခင်မှာပဲ သူတို့အသင်းဟာ အခုဆိုရင် ဘယ်အသင်းနဲ့ပဲ ယှဉ်ကစားရပစေ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ကြွေးကြော် ပြောကြားသွားခဲ့ပါတယ်။

ချယ်ဆီးက သူတို့ရဲ့အိမ်ကွင်းမှာ အာဆင်နယ်ကို နောက်ဆုံးအကြိမ် အနိုင်ယူခဲ့တာကလည်း ၂၀၁၈ခုနှစ်က ဖြစ်ခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေပေမယ့် လက်ရှိမှာတော့ ချယ်ဆီး အသင်းက ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲကြီးတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသလာနိုင်လို့ အာဆင်နယ်ကိုပါ သူတို့ အနိုင်ယူနိုင်တယ်လို့ ချယ်ဆီး နည်းပြ မာရက်စ်ကာက ဆိုလာခဲ့ပါတယ်။

“လွန်ခဲ့တဲ့ (၂)နှစ်လောက်က ခံစားချက်ဟာ ဘယ်လိုလဲ မသိပါဘူး။ အခု အခိုက်အတန့်မှာတော့ ကျွန်တော်တို့ ခံစားချက်က ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ပြီး ဘယ်အသင်းနဲ့မဆို အနိုင်ယူနိုင်ပါတယ်။”

“နောက်ပြီး အသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ခံစားမိပါတယ်။ တနင်္ဂနွေနေ့ ပွဲစဉ်မှာလည်း ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အာဆင်နယ်အသင်းက အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း မန်စီးတီးနဲ့ မတိမ်းမယိမ်းပါပဲ။ ဒီလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးမှာ အနိုင်ရချင်ပါတယ်။”

“ဒါပေမယ့် ကျွန်တော် အစကတည်းက ပြောခဲ့သလို ပွဲရလဒ်ထက် အသင်းရဲ့ စွမ်းရည်ဆောင်ပိုင်းကိုပဲ အကဲဖြတ်သွားပါမယ်။ ကျွန်တော်တို့တွေရဲ့ ခြေစွမ်းအရ လီဗာပူးလ်နဲ့ပွဲမှာ ရှုံးဖို့ ထိုက်တန်တယ်လို့ ခင်ဗျား ထင်မိလား။ ဒါက ဘောလုံးပါပဲ။ တနင်္ဂနွေနေ့ပွဲမှာတော့ နိုင်ပွဲရမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုပွဲမျိုးကို ကျွန်တော်တို့ အနိုင်ယူနိုင်ပါတယ်။”

“အာဆင်နယ်ကို အနိုင်ရချင်ပါတယ်။ လီဗာပူးလ်နဲ့ အဝေးကွင်းပွဲမှာ အသင်းစွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပြီး ရှုံးနိမ့်ဖို့လည်း မထိုက်တန်ခဲ့ပါဘူး။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲတောင်မှ ကျွန်တော်တို့က အကောင်းဆုံး ကစားသွားခဲ့တာပါ။ ဒီလိုပွဲမျိုးမှာ ခြားနားချက် ကြီးကြီးမားမား ရှိနေတယ်ဆိုတာကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။

ဒါက အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့ပွဲ ဒါမှမဟုတ် နောက်ပွဲတွေမှာ ဒီလိုပွဲမျိုးတွေကို အနိုင်ရအောင် ကစားနိုင်မယ်ဆိုတာ သံသယမရှိမိပါဘူး။” လို့ မာရက်စ်ကာက ပြောဆိုသွားခဲ့ပါတယ်။