ဂရေးလစ်ရှ် ကို ခေါ်မယ့် ကိစ္စ သူ့ကို မဆွေးနွေးလို့ တင်းနေတဲ့ ပက်၊ အင်္ဂလန်အသင်းကနေ နှုတ်ထွက် ပြန်လာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျက် ဂရေးလစ်ရှ် အား ဂရိ၊ အိုင်ယာလန်တို့နှင့် ကစားရမဲ့ နေးရှင်းလိဂ်ပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်းတွင် ရွေးချယ်လာမှုအပေါ် အင်္ဂလန်ယာယီနည်းပြလီကာစလေအား ဝေဖန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဂရေးလစ်ရှ် အပါအဝင် ပရီးမီးယားလိဂ် စတား ၈ ဦးဟာ ဒီလထဲ ကစားမယ့် အင်္ဂလန်အသင်းကနေ နှုတ်ထွက် ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိ ဂရေးလစ်ရှ် ဟာ ပြီးခဲ့တဲ့လနိုင်ငံတကာပွဲစဉ်များအပြီး အောက်တိုဘာလ ၂၀ ရက်နေ့တုန်းက ဝုဗ်အား အချိန်ပိုဂိုးဖြင့် အနိုင်ရပြီးနောက်ပိုင်းတွင် မန်စီးတီးအတွက် ကစားလာနိုင်ခြင်း မရှိပါဘူး။

ကြာသပတေးနေ့မှာတော့ လီကာစလေက ဂျက် ဂရေးလစ်ရှ် မှာ လေ့ကျင့်ခန်းဆင်းနိုင်တာ ရက်အနည်းငယ်မျှ ရှိပြီဖြစ်ပြီး အသင်းနှင့် ပူးပေါင်းလာချိန်တွင် စစ်ဆေးမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့ပေမဲ့ ဂွါဒီယိုလာဟာ ယနေ့ည ဘရိုက်တန်နှင့်ပွဲကို လွဲချော်ထားပြီးဖြစ်တဲ့ ပေါင်သန်း ၁၀၀ တန် အလယ်တန်းကစားသမားကို ရွေးချယ်လာမှုအပေါ် လီကာစလေအား မေးခွန်းထုတ်လာပါတယ်။

ဂွါဒီယိုလာက “နိုင်ငံအသင်းက ဒီကာလမှာ ကစားစမြဲပါ။ ကျွန်တော်တို့ကလည်း ကြံ့ခိုင်မှုပြည့်ဝနေရင် ကစားသမားတွေကို စေလွှတ်ရလို့ ကျေနပ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်၊ လေးပတ်မှာ မရုန်းကန်ရဘူးဆိုရင်ပေါ့။

သူ လေ့ကျင့်ခန်း မဆင်းနိုင်တာ ၁၇ ရက်ရှိပါပြီ။ ဒီနေ့မှာပဲ ပထမဆုံးလေ့ကျင့်ခန်းဆင်းနိုင်တယ်။ မိနစ် ၂၀ ဆင်းနိုင်တာ။ ဒါက အမှန်တရားပါ။ ပြီးခဲ့တဲ့ နှစ်ရက်မှာ လေ့ကျင့်ခန်းဆင်းတယ်ဆိုတာ ကာယလေ့ကျင့်ခန်း မိနစ်အနည်းငယ်လုပ်တာပါ။ ဒါက ဗြိတိန်(အင်္ဂလန်)က မန်နေဂျာအတွက် မေးခွန်းပါ”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက ဂျက် ဂရေးလစ်ရှ် ရဲ့ အခြေအနေနှင့်ပတ်သက်ပြီး လီကာစလနှင့် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ အက်ဖ်အေနှင့် မန်စီးတီးဆေးအဖွဲ့အကြား ဆွေးနွေးမှု ရှိသလား မသိကြောင်းလည်း ပြောကြားသွားပါတယ်။