
ချယ်ဆီးအသင်းဟာ ဥရောပ တတိယတန်း ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်မှာ ထိန်းမရအောင်ဖြစ်နေပြီး မနက်ကပွဲမှာလည်း ပြိုင်ဘက် NOAH အသင်းကို ၈-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
နည်းပြ မာရက်စ်ကာကတော့ ” အားလုံးက နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ပရော်ဖက်ရှင်နယ် ပီပီသသပဲ အလေးအနက် ကြိုးစား ကစားခဲ့ပါတယ်။ နိုင်ပွဲရတာအတွက် အရမ်း ကျေနပ်မိတယ်။
ကျနော်တို့မှာ ပွဲကစားချိန်ပေးရမယ့် အသင်းသားတွေ ရှိနေလို့ တချို့ကို ကွန်းဖရန့်လိဂ်၊ တချို့ကို ပရီးမီးယားလိဂ်တွေမှာ ခွဲပြီး ပေးကစားနေပေမယ့် အားလုံးက ပွဲကစားလိုနေကြတာပါ။ ဖြစ်နိုင်ရင် ဒီတိုက်စစ်သမားတွေ အားလုံးကို ပေးကစားလိုက်ချင်ပါတယ် ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဖီလစ်၊ အန်ကွန်းကူ၊ မက်ဂူရီ၊ မူဒရစ်တို့ဟာ တနင်္ဂနွေနေ့ အာဆင်နယ်ပွဲမှာ ပွဲထွက်ကနေ ပါဝင်ဖွယ် မရှိပါဘူး။
ဒီပွဲမှာ တိုဇင်၊ မက်ဂူရီ၊ ဒီဆာဆီ၊ မူဒရစ်၊ ဖီလစ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ပထမပိုင်းမှာတင် ချယ်ဆီးဘက်က ၆-၀ ဖြင့် အနိုင်ယူထားခဲ့တာပါ။
ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း အင်္ဂလန်ကလပ် တစ်သင်းက ဥရောပပြိုင်ပွဲ တစ်ရပ်မှာ ဂိုးအပြတ်ဆုံး ပထမပိုင်း ကစားနိုင်မှု ဖြစ်လာစေခဲ့ပါတယ်။
ချယ်ဆီး ထက် ပိုကောင်းတဲ့ မှတ်တမ်းဆိုလို့ ၁၉၇၆-၇၇ ဘောလုံးရာသီ ယူအီးအက်ဖ်အေဖလားမှာ ဒါဘီအသင်းက Finn Harps အသင်းကို ၁၂-၀ ဖြင့် အနိုင်ရတဲ့ပွဲပဲ ရှိဖူးပြီး ပထမပိုင်းမှာတင် ၉ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။