ချဲလ်ဆီး အသင်းဟာ မနေ့ညက ယူရိုပါ ကွန်းဖရန့်စ်လိဂ် ပွဲ အဖြစ် အာမေးနီးယားကလပ် နိုအာကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံ ကစားရာ ၈ ဂိုးပြတ်နဲ့ နိုင်သွားပါတယ်။
ဒီလို အိမ်ရှင်ချဲလ်ဆီး ၈-ဝနဲ့ အနိုင်ရရှိမှုဟာ ကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးပြတ်ဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားတယ်။
ဒီ(၂)သင်းကြား ခြေစွမ်းကွာဟချက် ကြီးမားလွန်းရာ နိုအာဟာ ချဲလ်ဆီးကို အဘက်ဘက်ကနေ မယှဉ်နိုင်ခဲ့ပါဘူး။
ပထမပိုင်းမှာတင် ပွဲရလဒ်က ၆-၀ ဖြစ်နေခဲ့တာပါ။ အပြာရောင်တွေအတွက် အနိုင်ဂိုးတွေကို ဖီးလစ်၊ အန်ကွန်ကူတို့က (၂)ဂိုးစီ၊ အဒါရာဘီအိုယို၊ ဂီယူး၊ ဒီဆာဆီ၊ မူဒရစ်တို့က (၁)ဂိုးစီ သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ကွန်းဖရန့်စ်လိဂ် (၃)ပွဲကစား ရာနှုန်းပြည့်နိုင်ပွဲပိုင်ဆိုင်ထားပြီး ရဂိုး (၁၆)ဂိုး ပေးဂိုး (၃)ဂိုး ဂိုးကွာခြားချက် (၁၃)ဂိုး ရမှတ်(၉)မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။ သူတို့နဲ့ ရမှတ်တူအသင်း (၅)သင်းရှိရာ ဂိုးကွာခြားချက် ဒုတိယအများဆုံးက လီဂီယာဝါဆော (၈)ဂိုးပါ။
ပြိုင်ပွဲဝင်အသင်းတွေကိုကြည့်လိုက်ရင် အနောက်လန်ဒန်ကလပ်အပေါ် ဒုက္ခပေးနိုင်မယ့်သူဆိုလို့ မတွေ့မိပါဘူး။
တကယ်တမ်းဆိုရင် ချဲလ်ဆီးရဲ့အနေအထားနဲ့ ကွန်းဖရန့်စ်လိဂ်မှာ ရှိမနေသင့်ဘူး။ သူတို့ရဲ့အဖြစ်ဟာ ပြိုင်ပွဲဟာ အသင်းနဲ့ မမျှ ဖြစ်နေသလိုပါပဲ။
ယူရိုပါလိဂ် (၂)ကြိမ်ဝင်ပြိုင်ပြီး (၂)ကြိမ်စလုံးချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ ကွန်းဖရန့်စ်လိဂ်မှာ ဆုဖလားသိမ်းပိုက်နိုင်ဖို့ ရေပန်းစားဆုံးအသင်းအနေနဲ့ ရပ်တည်နေတာ မဆန်းပါဘူး။ ချဲလ်ဆီးဟာ ဒီပြိုင်ပွဲမှာ ဒုတိယ line-up နဲ့ ရလဒ်ကောင်းများ ဖော်ဆောင်နေတာပါ။
ကိုးလ်ပါးမားလို အသင်းရဲ့အကောင်းဆုံးကစားသမားကို ပြိုင်ပွဲဝင်လူစာရင်းကနေ ချန်လှပ်ထားတာတောင် အခုလိုမျိုးအခြေအနေကောင်းနေမှတော့ First line-up နဲ့သာကစားရင် တွေးတောင်မတွေးရဲပါဘူး။ ဒီပြိုင်ပွဲဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်တို့နဲ့ယှဉ်ရင် အဆင့်မမြင့်ပါဘူး။
တစ်ဘက်မှာ ကွန်းဖရန့်စ်လိဂ်သာကိုင်မြှောက်နိုင်ရင် ချဲလ်ဆီးဟာ ဘောလုံးသမိုင်းမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်စ်လိဂ် အစရှိတဲ့ ဥရောပဖလား(၃)လုံးလုံး ဆွတ်ခူးဖူးတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်သွားမှာ ဖြစ်ပါတယ်။