
ချဲလ်ဆီးစတား ကိုးလ်ပါလ်မာဟာ လာမယ့် တနင်္ဂနွေနေ့ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ဧည့်ခံကစားရမဲ့ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရန် သေချာသလောက် ရှိနေပါတယ်။
အင်္ဂလန် ကွင်းလယ် တိုက်စစ်သမားဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုအပတ်အတွင်းတွင် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိသေးပါဘူး။
ယူနိုက်တက်ဗဟိုနောက်ခံလူ မာတီနက်ဇ်ဟာ ကိုးလ်ပါလ်မာကို ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့ပေမဲ့လည်း အဝါကတ်သာ ပြသခြင်းခံခဲ့ရပြီး အနီကတ်ပြသခြင်းမခံခဲ့ရပါဘူး။
ကြာသပတေးနေ့ FC Noah နှင့် ရင်ဆိုင်ကစားရမဲ့ ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် တနင်္ဂနွေပွဲကို ပါလ်မာ လွဲလာနိုင်သလားလို့ မေးမြန်းမှုကို အန်ဇိုမာရက်စ်ကာက အခုလို တုန့်ပြန်ခဲ့တာပါ။
“ဟုတ်တယ်။ လွဲလာနိုင်တယ်။ သူ ဒီ နောက်ဆုံးနှစ်ရက်လုံး လေ့ကျင့်ခန်းမဆင်းနိုင်ဘူး။ ကြံ့ခိုင်မှုပြည့်ဝလာဖို့တော့ မျှော်လင့်တယ်။ ဒီ ဖျက်ထုတ်မှုက ရှင်းလင်းနေတာပဲ။ ပုံမှန်ဖျက်ထုတ်မှု မဟုတ်ပါဘူး။
ပါလ်မာ ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့တော့ မျှော်လင့်နေတယ်။ စောင့်ကြည့်ရဦးမယ်။ ပြီးတော့မှ ဆုံးဖြတ်မယ်”လို့ ပြောကြားသွားပါတယ်။
နွေရာသီတွင် ယူနိုက်တက်မှ အငှားဖြင့် ပြောင်းလာတဲ့ ဂျာဒွန်ဆန်ချိုမှာ လေ့ကျင့်ခန်းအစီအစဉ်တွင် ရရှိတဲ့ ဒဏ်ရာကြောင့် အနားယူနေရတုန်းပါ။
ကိုးလ်ပါလ်မာ မပါဝင်နိုင်ပါက အခြားချဲလ်ဆီးစတားတို့အတွက် ကြီးမားတဲ့ အခွင့်အရေး ရရှိလာဖို့ ရှိနေပါတယ်။
အက်သလက်တီကိုမှ ပေါင် ၄၅ သန်းဖြင့် ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမျှ ပွဲထွက်ခွင့်မရသေးတဲ့ ဂျာအိုဖီးလစ်မှာ အာဆင်နယ်နှင့်ပွဲတွင် ပွဲထွက်ခွင့်ရလာဖို့ ရှိပါတယ်။