ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူ လို့ ချီးကျူးခံနေရတဲ့ မွိုက်စ် ကိုင်စီဒို

ချဲလ်ဆီး ကွင်းလယ် ကစားသမား မွိုက်စ် ကိုင်စီဒို ဟာ ဒီရာသီမှာ ဖြည်းဖြည်းမှန်မှန် ခြေစွမ်းကောင်းတွေ ပြသနေပြီး အများသတိပြုမိစရာ ဖြစ်လာပါတယ်။

Mirror Football မှ ကလောင်ရှင် David Anderson ဟာ ချဲလ်ဆီး ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုနဲ့ပတ်သက်ပြီး အခုလိုချီးကျူးသွားတယ်။

” ပြီးခဲ့တဲ့ရာသီတုန်းက ကိုင်စီဒိုဟာ အန်တိုနီနဲ့အတူ ပရီးမီးယားလိဂ် အဆိုးရွားဆုံး ငွေကြေးလေလွင့်မှုအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တယ်။ အကြောင်းရင်းကတော့ ဘရိုက်တန်ကနေ ပေါင်(၁၁၅)သန်းနဲ့ရောက်လာတဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်သလား သက်သေမပြနိုင်ခဲ့လို့ပဲ။

အခုရာသီမှာတော့ သူဟာ မာရက်စ်ကာရောက်ရှိလာမှုနဲ့အတူ ကောင်းကျိုးတွေဖြစ်ထွန်းလာတယ်။ အပြာရောင်နည်းပြဟာ တောင်အမေရိကသားအပေါ် အလွန် ယုံကြည် အားထားနေတယ်။ မာရက်စ်ကာက သူ့ကို ချဲလ်ဆီးကွင်းလယ်မှာ ကျောက်ချနေစေချင်တာပါ။

ပြီးတော့ ကိုးလ်ပါးမား၊ နိုနီမာဒူကေး၊ ပက်ဒရိုနက်တိုတို့ကို နောက်ကနေ ပံ့ပိုးပေးစေချင်တာပါ။ ” ဆိုပြီး သုံးသပ်သွားတာပါ။

Anderson ပြောသလိုပဲ အသက်(၂၃)နှစ်အရွယ် အီကွေဒေါသားဟာ အခုရာသီမှာ အရင်ရာသီနဲ့ အလွန်ခြားနားတဲ့ခြေစွမ်းတွေ ပြသနေတယ်။

အရေးကြီးတဲ့ပွဲစဉ်တိုင်းမှာ ပုံမှန် line-up ရနေပြီး မိမိခံစစ်ကြောင်းကို cover လုပ်ပေးခြင်း၊ တိုက်စစ်ပိုင်းအပေါ် ပံ့ပိုးခြင်းတာဝန်များ ကျေပွန်စွာထမ်းရွက်နေတယ်။ ကိုင်စီဒိုရဲ့ကစားပုံဟာ box-to-box လို့ပြောနိုင်ကာ သူနဲ့အလိုက်ဖက်ဆုံးပါပဲ။

ပြီးခဲ့တဲ့ မန်ယူနဲ့ ပွဲမှာဆိုရင် သူဟာ ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားပါ။ သူနဲ့ ယူနိုက်တက်ညာနောက်ခံလူ နူဆဲမက်ဇ်ရာအူရီဟာ ပွဲစဉ်ရဲ့ men of the match တွေပါပဲ။

ကိုင်စီဒိုဟာ အပြာရောင်တွေရဲ့ တိုက်စစ်ခံစစ်ဟန်ချက်ကို ထိန်းညှိပေးခဲ့တဲ့အပြင် အရေးပါတဲ့ချေပဂိုးကို လှပတဲ့မြေမကျကန်ချက်နဲ့ သွင်းယူပေးသွားပါသေးတယ်။

အခုရာသီ ပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းကောင်းပြသနိုင်တဲ့ ကွင်းလယ်လူ မရှိသလောက်ဖြစ်နေရာ ကိုင်စီဒိုကတော့ အားလုံးနဲ့ခြားနားပါတယ်။