
မနေ့ညက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ အိုးထရတ်ဖိုဒ့်မှာ ကန်တဲ့ ပွဲကတော့ ၁-၁ ရလဒ်ဖြင့် ပွဲပြီးခဲ့ပါတယ်။
မန်ယူနိုက်တက်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဘရူနို ဖာနန်ဒက်စ် က ပင်နယ်တီကနေ သွင်းယူပေးခဲ့ခြင်းဖြစ်ကာ ချယ်ဆီးအတွက် ချေပဂိုးကတော့ ကန်ချက်ကောင်းကနေ ကိုင်ဆီဒိုက သွင်းယူပါတယ်။
ဒီပွဲအပြီး အမှတ်ပေးဇယား မှာ ချယ်ဆီးကတော့ အာဆင်နယ်အထက်ကို ရောက်သွားပြီး အဆင့် ၄ မှာ ရပ်တည်နေ ကာ မန်ချက်စတာ ယူနိုက်တက် ကတော့ အဆင့် ၁၄ ကနေ အဆင့် ၁၃ ကို တက်လာခဲ့တယ်။
ဒီပွဲက အသင်း စွမ်းဆောင်ရည်ကို သဘောကျပေမယ့် ချယ်ဆီးကို အနိုင် မရခဲ့တာအတွက် စိတ်ပျက်မိကြောင်းကို ယာယီနည်းပြ နစ္စတယ်ရွိုင်းက ပွဲအပြီး ထုတ်ပြောပါတယ်။
နစ္စတယ်ရွိုင်းက “ ကျနော်တို့ ပွဲကို အနိုင် မရခဲ့တာအတွက် စိတ်ပျက်မိပါတယ်။ ပွဲထဲမှာ အခွင့်အရေးတွေ ရခဲ့သလို ခြုံကြည့်မယ်ဆိုရင် စွမ်းဆောင်ရည်က အတော်လေးကို ကောင်းပါတယ်။
အသင်းသားတွေက အစွမ်းကုန် အားထုတ်ပေးခဲ့ကြတာပါ။ ဂိုးရလိုက်တာက အရမ်းကောင်းခဲ့ပြီး အိုးထရတ်ဖိုဒ့် တစ်ခုလုံး ပွင့်ထွက်သွားခဲ့တယ်။ ဘရူနိုက ကောင်းကောင်းကြီး တာဝန်ယူ ကန်နိုင်ခဲ့တော့ ခံစားချက်တွေ ထွက်ကျလာခဲ့တာပါ ” လို့ ဆိုသွားခဲ့ပါတယ်။