
မနေ့က တနင်္ဂနွေနေ့တုန်းက အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်နှင့် ချဲလ်ဆီးတို့ တစ်ဂိုးစီသရေကျတဲ့ ပွဲစဉ်တွင် ကိုးလ် ပါလ်မာကို ကြမ်းတမ်းစွာ ဖျက်ထုတ်မှု ပြုလုပ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်အား အနီကတ်ပြ ထုတ်ပယ်ခြင်း မပြုလုပ်မှုအပေါ် ရှင်းလင်းလာပါတယ်။
မနေ့ညက ပွဲတွင် ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း မိနစ်အနည်းငယ်အကြာတွင် ကိုင်စီဒိုက ချဲလ်ဆီးအတွက် ချေပဂိုးသွင်းယူသွားခဲ့ပြီး တစ်ဂိုးစီသရေဖြင့် ပြီးဆုံးသွားခဲ့ပါတယ်။
မန်ချက်စတာတွင် ကစားခဲ့တဲ့ပွဲမှာ ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပေမဲ့လည်း ပွဲပြီးခါနီးတွင် ဒိုင်လူကြီး ရောဘတ်ဂျုံးစ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အငြင်းပွားစရာ ဖြစ်နေပါတယ်။
ပွဲပြီးခါနီးတွင် ယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်က ကိုးလ်ပါလ်မာရဲ့ ဒူးကို နင်းခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကို VAR ဒိုင် မိုက်ကယ်ဆာလစ်ဘူရီကလည်း စစ်ဆေးမှု ပြုလုပ်ခဲ့ပေမဲ့ အနီကတ်သို့ တိုးမြှင့်ပြသစေခဲ့ခြင်း မရှိခဲ့ရာ အားလုံး အံ့ဩသင့်ခဲ့ရပါတယ်။
ယခုအခါ Premier League Match Centre က ယင်း မတော်တဆမှုနှင့်ပ တ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်လာပါတယ်။
Premier League Match Centre က “ပါလ်မာကို မာတီနက်ဇ် ဖျက်ထုတ်မှုနဲ့ပတ်သက်ပြီး ဒိုင်လူကြီးက အဝါကတ်ပြသမှုကို ရှင်းလင်းလိုပါတယ်။ VAR ဟာ အနီကတ်ပြသနိုင်သလားဆိုပြီး စစ်ဆေးခဲ့ပါတယ်။
ဒိုင်လူကြီးကိုလည်း အနီကတ်မဟုတ်ကြောင်း အတည်ပြုပေးခဲ့တယ်။ ပြင်းထန်တဲ့ ဖျက်ထုတ်မှုဖြစ်ပေမဲ့လည်း ပြင်းထန်တဲ့ ပြစ်ဒဏ် ကျူးလွန်မှု မဟုတ်ပါဘူး”လို့ ကြေညာသွားပါတယ်။
ယူနိုက်တက်ဂန္ထဝင် ရွိုင်ကိန်းကတော့ မာတီနက်ဇ်မှာ ကံကောင်းထောက်မ၍ အနီကတ်ပြသမှု မခံရခြင်းဖြစ်ကြောင်း ဝေဖန်သွားပါတယ်။