
မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ဘုန်းမောက်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲမတိုင်ခင် ၆ မိနစ်သာ လေ့ကျင့်ရေးဆင်းခဲ့ရတဲ့ ကိုင်လီ ဝေါ်ကာကို ထည့်သွင်းကစားစေခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးအတွက် ယို့စ်ကို ဂဗာဒီယောလ်က တစ်ဂိုး ပြန်သွင်းယူပေးခဲ့ပေမယ့်လည်း ဘုန်းမောက်က နောက်ကျ အနိုင်ဂိုးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံတွေကို ပထမဆုံးအကြိမ် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်က ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးခဲ့ရပြီဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဂျက်ခ် ဂရီးလစ်ရှ်၊ ရူဘင် ဒီယက်စ်၊ ဂျွန် စတုန်းစ်တို့လို အဓိကကစားသမားတွေဟာ ဗီတာလတီကွင်းမကို သွားကစားခဲ့တဲ့ပွဲကို လွဲချော်ခဲ့ကြပြီး မိနစ် ၉၀ အပြည့်ကစားနိုင်ခဲ့တဲ့ ကစားသမားဆိုလို့ ဝေါ်ကာတစ်ဦးတည်းသာ ရှိခဲ့တာဖြစ်ပါတယ်။
အံ့အားသင့်စရာကောင်းတာက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဂွါဒီယိုလာက ကိုင်လီ ဝေါ်ကာဟာ ပြီးခဲ့တဲ့ ပွဲအနည်းငယ်ကို လွဲချော်ခဲ့ပြီးနောက် ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ အခွင့်အရေးမရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်ညာနောက်ခံလူက ပွဲထွက်ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဝေါ်ကာဟာ ဆိုးရွားတဲ့ စွမ်းဆောင်ရည် ပြသခဲ့ပြီးနောက် ပွဲထွက်ပါဝင်ကစားပေးဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ ဂွါဒီယိုလာက ညာနောက်ခံလူဟာ ဘုန်းမောက်နဲ့ပွဲမတိုင်ခင် ၃ ပတ် နီးပါး လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကိုင်လီရဲ့ နောက်ဆုံးပွဲက လက်ရွေးစင်အသင်းအတွက် ပွဲ ၁၀၀ ပြည့် ပါဝင်ကစားပေးခဲ့တဲ့ပွဲဖြစ်ပြီး အဲဒီပွဲအပြီးကတည်းက သူ လေ့ကျင့်ရေးတစ်ချိန်တောင် မဆင်းနိုင်ခဲ့ဘူး။ မနေ့ကလေ့ကျင့်ရေးမတိုင်ခင်အထိ ၁၉ ရက်လောက် ကျွန်တော်တို့နဲ့ လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူး။ မနေ့ကတော့ သူ ၆ မိနစ်လောက် လေ့ကျင့်ရေးဆင်းခဲ့တယ်။ အဲဒီတော့ ဒီလိုဖြစ်လာခဲ့တာပါပဲ။ အဲဒါကို လက်ခံပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။