
မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ၃၂ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဟာလည်း ဘုန်းမောက်ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အဆုံးသတ် သွားခဲ့ရပြီ ဖြစ်ပါတယ်။
အရှုံးအရသာကို ခံစားသွားခဲ့ရပြီ ဖြစ်တဲ့ မန်စီးတီးဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာသို့ ဆင်းပေးလိုက်ရပြီး ထိပ်ဆုံးမှ လီဗာပူးနှင့် ၂ မှတ်ကွာဟသွားပါတယ်။
စီးတီး နည်းပြ ပက် ဂွါဒီယိုလာက “ဒီကနေ့မှာ သူတို့မှာ အခြားအရှိန်အဟုန်ရှိနေတယ်။ ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒီပြင်းထန်မှုကို လိုက်မမီဘူးဆိုတာ သိပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စကားပြောခဲ့ကြတယ်။ ဒီပွဲက ဘာမဆို ဖြစ်သွားနိုင်တဲ့ပွဲပါ။ အဆုံးမှာ ကျွန်တော်တို့ အခွင့်အရေးရခဲ့တယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနိုင်ပွဲအတွက် ဘုန်းမောက်ကို ဂုဏ်ပြုပါတယ်”လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်မှာ မန်စီးတီးနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၄၈၈ ပွဲ ကိုင်တွယ်လာရာမှာ နိုင်ပွဲ ၃၆၀၊ သရေ ပွဲ ၆၀၊ ရှုံးပွဲ ၆၈ ပွဲ ကြုံထားပါတယ်။
ဘုန်းမောက်ပွဲမတိုင်မီ မန်စီးတီးတို့ နောက်ဆုံးအကြိမ် အရှုံးအရသာ မြည်းစမ်းခဲ့ရတာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဗီလာကို ရှုံးနိမ့်ခဲ့တာပါ။
ယင်းနောက်ပိုင်းမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ၂၆ ပွဲနိုင်၊ ၆ ပွဲသရေကျခဲ့ပြီး ဂိုး ၈၀ အထိ သွင်းခဲ့ကာ ၂၆ ဂိုးတည်းသာ ပေးခဲ့ရပါတယ်
။
၎င်းတို့ဟာ ရမှတ် ၈၄ မှတ်အထိ ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်ဆက် ဆွတ်ခူးခဲ့ပါတယ်။
စီးတီးရဲ့ ရှုံးပွဲမရှိ စံချိန်နဲ့ ပတ်သတ်ပြီး ဂွါဒီယိုလာက “ဒါ(စံချိန်)ကို ဆက်ပြီးတော့ ထိန်းထားချင်ခဲ့တယ်။ ဒါပေမဲ့ ပွဲတွေအများကြီး လပေါင်းများစွာ ထိန်းထားနိုင်ခဲ့တာ တကယ်ကောင်းတယ်”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးရဲ့ ရှုံးပွဲမရှိမှတ်တမ်းကာလအတွင်း ပရီးမီးယားလိဂ်မှာ ရလဒ်အကောင်းဆုံး ရယူနိုင်တဲ့အသင်းက မီခေးလ်အာတီတာရဲ့ အာဆင်နယ် ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ ယင်းကာလအတွင်းမှာ ၅ ပွဲရှုံးနိမ့်ခဲ့ပြီး ၇၁ မှတ်တည်းသာ ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးက တတိယအကောင်းဆုံးအသင်း ဖြစ်ပြီး အာဆင်နယ်ထက် ရမှတ် ၁ မှတ်တည်းသာ နည်းခဲ့ပါတယ်။ လီဗာပူးဟာ ၂၁ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။