ချဲလ်ဆီး ကြယ်ပွင့် အန်ဇိုဖာနန်ဒက်စ် ခြေစွမ်းကျနေရတဲ့ အကြောင်းအရင်း ပေါ်ထွက်လာပါပြီ

ချဲလ်ဆီး ကြယ်ပွင့် အန်ဇိုဖာနန်ဒက်စ်ဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်နေရပါတယ်။ ဒီလို ကွင်းတွင်းခြေစွမ်းပြနိုင်ရန် ရုန်းကန်ရတဲ အဓိကအကြောင်းရင်းကို သိခွင့်ရရှိလာပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးစတားအန်ဇိုဖာနန်ဒက်စ်ရဲ့ ဇနီးသည် ဗလန်တီနာကာဗန်တီက ၎င်းတို့ ဇနီးမောင်နှံအကြား ကွာရှင်းပြတ်စဲတော့မှာ ဖြစ်ကြောင်း ကြေညာလာတာပါ။

၎င်းတို့ဇနီးမောင်နှံဟာ ကလေးနှစ်ဦး ပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းဖြင့် ကွာရှင်းပြတ်စဲကာ ရှေ့လမ်းခရီးကို ကောင်းမွန်စွာ ကိုယ်စီလျှောက်လှမ်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ကာဗန်တီက “ဒီကနေ့မှာ အန်ဇိုနဲ့ ကျွန်မတို့ ခပ်ဝေးဝေးမှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ မိသားစုအဖြစ် အမြဲရှိနေမှာပါ။ တစ်ဦးနဲ့တစ်ဦး အမြဲတမ်း အားပေးကူညီသွားကြပါမယ်။

ဘာလို့ဆိုတော့ ကျွန်မတို့ရဲ့ အချစ်တွေ လိုအပ်တဲ့ ကလေးနှစ်ဦး ရှိပါတယ်။ အန်ဇိုကို ဘယ်လိုလူလဲဆိုတာ ကျွန်မ သိတယ်။ သူက အရမ်းကောင်းတဲ့အဖေတစ်ဦးပါ။ နှလုံးသားရှိတဲ့လူပါ။ ဒါကပဲ ကျွန်မအတွက် လုံလောက်နေပါပြီ။ အခြား အခြေအမြစ်မရှိတာနဲ့ ကျွန်မတို့အကြား သွေးကွဲအောင် မလုပ်ကြပါနဲ့”လို့ ပြောကြားသွားပါတယ်။

ဖာနန်ဒက်စ်ဟာ မကြာသေးမီတုန်းက ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကွင်းပြင်ပကိစ္စရပ်ကြောင့် အခက်ကြုံနေပုံပါပဲ။

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၂ ပွဲဆက် ဖာနန်ဒက်စ်ကို အရန်ခုံမှာပဲ ထိုင်ခိုင်းထားခဲ့ပါတယ်။

ချဲလ်ဆီးဟာ တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရပါမယ်။