
၂၀၂၄ ဘလွန်းဒီအောဆုပေးပွဲကို မနေ့ညက ကျင်းပခဲ့ရာ မန်စီးတီးနဲ့ စပိန် ကွင်းလယ်လူ ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရတယ်။
ဆုချီးမြှင့်ပွဲမတိုင်မီ ကာလပတ်လုံး ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယပ်စ်ဂျူနီယာကပဲ အကောင်းဆုရရှိလိမ့်မယ်လို့ ဝိုင်းဝန်းခန့်မှန်းထားကြတာမို့ အခုလိုရလဒ်ထွက်ပေါ်လာမှုအပေါ် အံ့အားသင့်နေကြတယ်။ တချို့ဆိုရင် ရိုဒရီထက် ဗင်နီသာ ရသင့်တယ်ဆိုပြီး မှတ်ချက်ပေးနေကြတယ်။
တစ်ဘက်မှာ စဉ်းစားစရာရှိတာက ဘလွန်းဒီအောဟာ ဆုချီးမြှင့်ပုံချီးမြှင့်နည်းတွေအရ ကစားသမားတစ်ယောက်အနေနဲ့ ၅-၆လလောက် အကောင်းဆုံးပုံစံမှာရှိနေဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဗင်နီစီးယပ်စ်ဟာ တာထွက်မကောင်းခဲ့ဘူး။
တဖန် ဂျုဒ်ဘယ်လင်ဂမ်ဆိုရင်လည်း နှစ်သစ်ကူးကာလအထိသာ အမြင့်ဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်။ ရိုဒရီကျတော့ ထိပ်တန်းအဆင့်အရည်အသွေးကို တသမတ်တည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါ။ Sofascore မှာ သူ့ရဲ့ တစ်ရာသီလုံးပျမ်းမျှ rating က (၇.၃) ရှိခဲ့တာပါ။
ဒီပမာဏဟာ နော်တင်ဟမ်ဖောရက်စ်နဲ့အတွေ့ အနီကတ်ထိခဲ့တဲ့ ပွဲစဉ် rating နဲ့ တစ်ထပ်တည်းပါပဲ။ ဆိုတော့ သူဟာ ထုတ်ပယ်ခံရတဲ့ပွဲစဉ်မှာတောင် rating များနေတာပါပဲ။
ဘလွန်းဒီအောဟာ ဂိုးသွင်းယူမှု၊ ဂိုးဖန်တီးမှုများစွာ ပြုလုပ်နိုင်တဲ့ တိုက်စစ်မှူးတွေသာ တရစပ်ရရှိနေခဲ့ပေမယ့် ရိုဒရီ ကျတော့ခြားနားတယ်။
၂၀၂၃-၂၄ ရာသီတွင်း သူဟာ ပရီးမီးယားလိဂ်မှာ (၈)ဂိုးသွင်း (၉)ဂိုးဖန်တီမှု ပြုလုပ်နိုင်ခဲ့တယ်။ သွင်းဂိုးပါဝင်ပတ်သက်မှု (၁၇)ဂိုးဆိုတာ ကွင်းလယ်အဖျက်တစ်ယောက်အဖို့ အံ့အားသင့်စရာ အချက်အလက်ပဲ။
ဗင်နီလို တောင်ပံတိုက်စစ်မှူးတောင် လာလီဂါသွင်းဂိုးပါဝင်ပတ်သက်မှု (၂၀)ဂိုး (၁၅ဂိုးသွင်း+၅ဂိုးဖန်တီး)သာ စွမ်းနိုင်ခဲ့တာပါ။
မန်စီးတီးကို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံး (၄)နှစ်ဆက်အမှတ်ပေးချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီး စပိန်နဲ့လည်း ယူရိုဖလား ဆွတ်ခူးတဲ့ကိစ္စကလည်း ရိုဒရီ ဘလွန်းဒီအောရတဲ့ အဓိက အကြောင်းရင်း ဖြစ်နိုင်ပြီး ဒီဆုဟာ ရိုဒရီနဲ့ ထိုက်လည်း ထိုက်တန်ပါတယ်။