မန်စီးတီးနဲ့ စပိန်ကွင်းလယ်ကစားသမားရိုဒရီဟာ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု Balllon d’Or ဆုအား ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးလာပါတယ်။ ဒီဆုဟာ ဘောလုံး ကမ္ဘာမှာ အဆင့်မြင့်ဆုံး တစ်ဦးချင်း အကောင်းဆုံး ဆု ဖြစ်သလို ဂုဏ်သိက္ခာပိုင်း အရလည်း ပါဝါကြီးမားပါတယ်။
အသက် ၂၈ နှစ်ရှိ ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကလပ်နှင့် နိုင်ငံအတွက် ကစားစဉ်အတွင်း ရှုံးပွဲ ၁ ပွဲတည်းသာ ကြုံခဲ့ရသူ ဖြစ်ပြီး ဇူလိုင်လတုန်းက စပိန်နှင့်အတူ ယူရို ၂၀၂၄ ဖလား ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
ရိုဒရီဟာ မန်စီးတီးသမိုင်းတွင် Ballon d’Or ဆုကို ဆွတ်ခူးလာတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ဘရာဇီးစူပါစတားဗီနီရှပ်စ်ဂျူနီယာကို ကျော်ဖြတ်ကာ ဆွတ်ခူးလာတာပါ။
Ballon d’Or တတိယနေရာတွင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဂျူ့ဘယ်လင်ဂမ်က ရပ်တည်လာပါတယ်။
တစ်နှစ်တာအကောင်းဆုံးကလပ်ဆုကို ရီးရဲလ်မက်ဒရစ် ဆွတ်ခူးခဲ့သလို တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း ကာလိုအန်ဆယ်လော့တီ ဆွတ်ခူးခဲ့ပေမဲ့ ကလပ်ကိုယ်စားပြုပြီး ဘယ်သူမှ မတက်ရောက်ခဲ့ပါဘူး။
ရိုဒရီက “ကျွန်တော့်အတွက်၊ မိသားစုနဲ့ နိုင်ငံအတွက် စပါယ်ရှယ်နေ့တစ်နေ့ပါ။ ဒီကနေ့ ကျွန်တော့်အတွက်ချည်း သက်သက်အောင်ပွဲ မဟုတ်ပါဘူး။ ဒါက စပိန်ဘောလုံးလောကအတွက် အောင်ပွဲ ဖြစ်ပါတယ်။
ဒီဆုနဲ့ ထိုက်တန်ပြီး မရခဲ့တဲ့ သူတွေ အများကြီးပါ။ အင်နီယေစတာ၊ ဇာဗီး၊ အိုင်ကာ(ကားဆီးလက်စ်)၊ ဆာဂျီယို(ဘက်စ်ကွက်ဇ်)နဲ့ အခြားကစားသမားတွေ ရှိပါတယ်။ ဒီဆုက စပိန်ဘောလုံးလောကအတွက်ပါ။ အလယ်တန်းကစားသမားအတွက် ယူတဲ့ ဆုပါ”လို့ ပြောကြားသွားပါတယ်။
Ballon d’Or ဆုကို ကမ္ဘာ့ထိပ်တန်း နိုင်ငံ ၁၀၀ မှ ဂျာနယ်လစ်တို့ရဲ့ မဲအဆုံးအဖြတ်ဖြင့် ရွေးချယ်တာ ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လီယွန်နယ်မက်ဆီ (သို့မဟုတ်) ခရစ္စတီယာနိုရော်နယ်ဒိုတို့ ဆန်ကာတင်စာရင်းမှာ မပါဝင်ဘဲ ရွေးချယ်ရတာလည်း ဖြစ်ပါတယ်။
ရိုဒရီဟာ ၂၀၂၃ ခုနှစ်တုန်းက မန်စီးတီးကို ဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပေမဲ့ ပဉ္စမနေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။
သူဟာ နွေရာသီတွင် စပိန်ကို ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။