မဟုတ်တဲ့ဘက်မှာ ပရီးမီးယားလိဂ် စံချိန်တင်သွားတဲ့ ချဲလ်ဆီးအသင်း ဒဏ်ရိုက်ခံရဖို့ ရှိနေပါပြီ

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်သမိုင်း မှတ်တိုင်သစ် စိုက်ထူနိုင်မှုအတွက် ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်ဒဏ်ရိုက်ခြင်းခံလာရတော့မှာ ဖြစ်ပါတယ်။

အန်ဇိုမာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ တနင်္ဂနွေနေ့တုန်းက နီကိုလပ်စ်ဂျက်ဆင်နဲ့ ကိုးလ်ပါမာတို့ရဲ့ ဂိုးတွေဖြင့် နယူးကာဆယ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးဟာ စည်းကမ်းလိုက်နာမှုအားနည်းမှုနှင့်အတူ ဒဏ်ရိုက်ခံရပါတော့မယ်။

ချဲလ်ဆီးဟာ နယူးကာဆယ်နှင့်ပွဲတွင် အဝါကတ် ၆ ကတ်ပြသခြင်းခံရပြီးနောက် တစ်ရာသီတည်းတွင် တစ်ပွဲတည်း အဝါကတ် ၆ ကတ်ပြသခြင်းခံရတဲ့ ၃ ပွဲ ပိုင်ဆိုင်တဲ့ ပထမဆုံးအသင်း ဖြစ်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင် ရောဘတ်ဆန်းချက်ဇ်၊ ဝက်စ်လေဖိုဖာနာ၊ ရိုမီယိုလာဗီယာ၊ နိုနီမာဒူကီ၊ ပီဒရိုနီတိုနဲ့ ခရစ္စတိုဖာအန်ကန်ကူတို့ အဝါကတ်ပြသခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ဟာ တစ်ပွဲလျှင် အဝါကတ် ၆ ကတ်ပြသခံရတဲ့အသင်းကို ပေါင် ၂၅၀၀၀ ဒဏ်ရိုက်လာတာဖြစ်ပြီး ယခုရာသီတွင် ၆ သင်း ဒဏ်ရိုက်ခံထားရပြီး ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဘုန်းမောက်နှင့်ပွဲတွင် အဝါကတ် ၈ ကတ်ပြသခံရမှုကြောင့် ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီးပါပြီ။ ယင်းနောက် ၎င်းတို့ဟာ အောက်တိုဘာလအစောပိုင်းတုန်းက နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် အဝါကတ် ၆ ကတ်ပြသခံရပြီးနောက် နောက်ထပ် ပေါင် ၅၀၀၀၀ ထပ်မံ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ယခု နယူးကာဆယ်နှင့်ပွဲတွင် အဝါကတ် ၆ ကတ်ပြသခြင်းခံရပြီးနောက် ချဲလ်ဆီးဟာ နောက်ထပ် ပေါင် ၇၅၀၀၀ ဒဏ်ရိုက်ခံရပါဦးမယ်။ ဒါကြောင့်လည်း ချဲလ်ဆီးရဲ့ စုစုပေါင်း ဒဏ်ရိုက်ခံရမှုက ပေါင် ၁၅၀၀၀၀ အထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

ဖိုဖာနာနှင့် မာ့ခ်ကူကူရယ်လာတို့က အဝါကတ် ၆ ကတ်နှင့် ၅ ကတ်စီ ပြသခြင်းခံထားရကာ ယခုရာသီ အဝါကတ် အများဆုံးပြသခံထားရသူအဖြစ် မှတ်တမ်းဝင်နေပါတယ်။

ချဲလ်ဆီးဟာ စုစုပေါင်း အဝါကတ် ၃၆ ကတ် ပြသခံထားရကာ စည်းကမ်းလိုက်နာမှုအားအနည်းဆုံးအသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။

ချဲလ်ဆီးဟာ အဝါကတ်များစွာ ပြသခြင်းခံထားရပေမဲ့လည်း အနီကတ်တစ်ကတ်မျှ ပြသခြင်းမခံထားရသေးပါဘူး။ အနီကတ် အများဆုံးပြသခံထားရတဲ့အသင်းအဖြစ် အာဆင်နယ်က ၃ ကတ်ဖြင့် ရပ်တည်နေပါတယ်။