
ညကပွဲမှာ လူမစုံတဲ့အချိန်မှာ မန်စီးတီးအသင်းဟာ သိသိသာသာ ရုန်းကန်နေရပြီး နိုင်ပွဲဆက်နေပေမဲ့ သူတို့ရဲ့ နိုင်ပွဲတွေက အရင်လို မပြတ်သားတော့ပါဘူး။
ရိုဒရီ၊ ဒီဘရိုင်းနားတို့က မန်စီးတီးအတွက် မရှိမဖြစ်ကစားသမားတွေဖြစ်ကြပြီး အထူးသဖြင့် ဒီဘရိုင်းနားဟာ မန်စီးတီးတိုက်စစ်အတွက် အရေးပါတဲ့သူဆိုတာ အထူးပြောစရာမလိုဘဲ တကယ်လို့ ရာသီကုန်မှာသာ ဒီဘရိုင်းနား အသင်းနဲ့လမ်းခွဲဖြစ်မယ်ဆိုရင် သူ့နေရာမှာ ဘယ်သူနဲ့အစားထိုးမလဲဆိုတာ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်လာပါပြီ။
မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းချက်တွေမှာ အသာရနေဆဲဆိုပေမဲ့ တိုက်စစ်ပိုင်းက အပိုင်အခွင့်အရေးဖန်တီးနိုင်မှုအပိုင်းမှာ အရင်လောက် မထက်မြက်တော့ပါဘူး။
မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲအစ ၅ မိနစ်မှာပဲ မက်သယူးနူးနက်စ်ရဲ့ဖြတ်တင်ဘောကို ဟာလန်းက ကြုံသလို ကန်သွင်းခဲ့တာဖြစ်ပြီး ဒီဂိုးက ဟာလန်းအတွက် ပရီးမီးယားလိဂ် ၇၄ ဂိုးမြောက်လည်းဖြစ်ပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ဆောက်သမ်တန်တိုက်စစ်ကစားသမား ကင်မရွန်းအာချာ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး အပိုင်ကန်သွင်းခဲ့ပေမဲ့ သူ့ရဲ့ကန်ချက်က ဂိုးဘားတန်းထိသွားလို့ ဆောက်သမ်တန် ကံဆိုးခဲ့ရပါတယ်။
မန်စီးတီးအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ဖိုဒန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကတည်းက အခုအချိန်အထိ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆိုးဆိုးရွားရွားဆိုသလို အခုအချိန် ဂိုးမသွင်းနိုင်သေးပါဘူး။
ပွဲပြီးခါနီးမှာ ဆောက်သမ်တန်ရဲ့ ဖိအားပေးမှုကြောင့် မန်စီးတီး ဂိုးပြန်မပေးရအောင် အသည်းအသန်ကစားပြီးမှ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအတွင်း အက်စတွန်ဗီလာကို ရှုံးပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတော့ဘဲ ရှုံးပွဲမရှိမှတ်တမ်းက ၃၂ ပွဲအထိရှိလာပါပြီ။
အခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ လီဗာပူးလ်ထက် ၁ ပွဲပို၊ ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ကို တက်ရောက် လာနိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လိဂ်ပြိုင်ပွဲရာသီအစ ၉ ပွဲကစားအပြီး နိုင်ပွဲ ၁ ပွဲမှ မယူနိုင်သေးသလို ပရီးမီးယားလိဂ် ၂၂ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် သူတို့အတွက် အဆိုးရွားဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။