
ယခင် အာဆင်နယ်နဲ့ပွဲတုန်းက နောက်ကျဂိုးနဲ့သရေတစ်မှတ်ရယူပေးခဲ့တဲ့ မန်စီးတီးနောက်ခံလူ ဂျွန်စတန်းစ်ဟာ ဒီအပတ် ဝုလ်ဗ်နဲ့ပွဲမှာလည်း ပွဲပြီးခါနီး အနိုင်ဂိုးသွင်းပြီး အဖိုးတန် ၃ မှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြန်ပါတယ်။
မန်စီးတီးအသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ Come Back နိုင်ပွဲယူနေရတာကို အကြိုက်တွေ့နေပုံရပြီး အစ်ဆွစ်ချ်၊ ဘရန့်ဖို့ဒ်၊ ဖူလ်ဟမ်နဲ့ အခု ဝုလ်ဗ်နဲ့ပွဲမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးတွေပေးပြီးမှ အနိုင်ပြန်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အလယ်အလတ်အဆင့် အသင်းတွေကို ဂိုးတွေ ဆက်တိုက်ပေးနေရတာက မန်စီးတီးအသင်းရဲ့ ခံစစ်မှာ ပြဿနာရှိနေပြီဆိုတာ သက်သေပြနေတာပါပဲ။
မန်စီးတီးနဲ့တွေ့ရင် အမြဲလိုလို ဒုက္ခပေးလေ့ရှိတဲ့ ဝုလ်ဗ်အသင်းဟာ ပွဲအစ ၇ မိနစ်မှာပဲ စထရန်းလာဆင်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ၃၃ မိနစ်မှာ ဂွါဒီယောက သူ့ပုံစံအတိုင်းပဲ ပယ်နယ်တီဧရိယာအပြင်ကနေ လှမ်းကန်ပြီးတော့ ချေပဂိုးသွင်းခဲ့ပါတယ်။
ဝုလ်ဗ်အသင်းရဲ့ Low Blocks တွေကြောင့် မန်စီးတီးအသင်း ထုံးစံအတိုင်း ဘောလုံးကိုင်ကစားရင်းနဲ့ လမ်းပျောက်နေပြီး ဟာလန်းကလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
၁-၁ ဂိုးစီ သရေနဲ့ပွဲပြီးဆုံးဖို့ နီးစပ်နေချိန်မှာပဲ နာကျင်အချိန်ပို ၉၅ မိနစ်မှာ ဖိုဒန်ရဲ့ ထောင့်ကန်ဘောကနေ ဂျွန်စတုန်းစ် ခေါင်းတိုက် သွင်းခဲ့တာကြောင့် မန်စီးတီးတို့ ၃ မှတ် ပိုင်ဆိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ၃၁ ဆက်ပွဲတိုက် ရှုံးပွဲမရှိဘဲ ၂၅ ပွဲနိုင်၊ ၆ ပွဲသရေကျခဲ့သလို ဂွါဒီယိုလာဟာ ၂၀၁၈ ခုနှစ်တုန်းက သူတင်ရှိခဲ့တဲ့ စံချိန်ကို ကိုယ်တိုင် ပြန်လည်ချိုးဖျက်ပြီးတော့ ကလပ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဝုလ်ဗ်အသင်းကတော့ ၁၉၈၃-၈၄ ရာသီနောက်ပိုင်း ပထမဆုံးအဖြစ် အမှတ်ပေးပြိုင်ပွဲမှာ ရာသီအဖွင့် ၈ ပွဲဆက်တိုက်နိုင်ပွဲမရဘဲ (၁ ပွဲသရေ၊ ၇ ပွဲရှုံး) အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တစ်ရာသီအတွင်း အိမ်ကွင်းအဖွင့် ၄ ပွဲ ဆက်တိုက် ရှုံးခဲ့တဲ့ စံချိန်ဆိုးကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။