
ဂိုးသမား အီဒါဆင်ကတော့ မန်စီးတီးမှာ နည်းပြပက်ဂွါဒီယိုလာ ထွက်ခွာလာလျှင် ဘယ်သူနှင့် အစားထိုးမလဲဆိုတာ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက် ဆွတ်ခူးထားတဲ့ ဂွါဒီယိုလာဟာ ယခုရာသီအကုန်တွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ သူဟာ မန်စီးတီးနှင့် စာချုပ်သက်တမ်းတိုးရေးအပေါ် ဆုံးဖြတ်ချက်ချခြင်းတော့ မရှိသေးပါဘူး။
မန်စီးတီးဘက်ကတော့ ခရစ္စမတ်ကာလမတိုင်မီ ဂွါဒီယိုလာဘက်က ဆုံးဖြတ်ချလာရန် ပြောကြားထားပါတယ်။
တဖက်တွင် မီဒီယာအချို့တို့ကလည်း ဂွါဒီယိုလာမှာ မန်စီးတီးနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးလာနိုင်ကြောင်း ရေးသားနေကြပါတယ်။
ဘရာဇီးဂိုးသမားအီဒါဆင်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆော်ဒီသို့ မြင့်မားတဲ့ လုပ်ခဖြင့် ပြောင်းလုနီးပါး ဖြစ်ပြီးမှ ဂွါဒီယိုလာရဲ့ ဖျောင်းဖျမှုကြောင့် အီတီဟတ်တွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
သူ့အနာဂတ်မှာ ဂွါဒီယိုလာရဲ့အနာဂတ်နှင့်ဆက်စပ်နေသလားလို့ မေးမြန်းလာမှုအပေါ် အီဒါဆင်က “မဆက်စပ်ပါဘူး။ လုံးဝ မဆက်စပ်ဘူး။ ဒီကနေ့ မန်စီးတီးက တည်ဆောက်ပုံအရမ်းကောင်းတယ်။ စီမံတာကောင်းတယ်။ အရမ်းတော်တဲ့ ဒါရိုက်တာတွေ ရှိတယ်။ ကြီးကျယ်တဲ စီအီးအိုရှိတယ်။
ကလပ်ဟာ ပက်ဂွါဒီယိုလာ ထွက်ခွာရင် ဘယ်သူနဲ့ အစားထိုးမယ်ဆိုတာ ဆုံးဖြတ်ပြီး ဖြစ်ပါလိမ့်မယ်။ အားလုံး စနစ်တကျ လုပ်ဆောင်ထားပြီး ဖြစ်ပါလိမ့်မယ်။ ကြီးကျယ်တဲ့ ဆုံးရှုံးမှု ဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြနဲ့ပတ်သက်ပြီး ပြောဆိုနေကြတာပါ။
ဒါပေမဲ့ ပက်ခေတ်အလွန်အတွက် ကလပ်ဘက်က ကောင်းကောင်း စီစဉ်ထားတာလည်း မြင်နေရတယ်”လို့ ပြောကြားသွားပါတယ်။
ယခုရာသီအကုန်တွင် မန်စီးတီးဘောလုံးဒါရိုက်တာအဖြစ် စပို့တင်းလစ္စဘွန်းဒါရိုက်တာဟူဂိုဗီယာနာ တာဝန်ထမ်းဆောင် လာမည်ဖြစ်ရာ စပို့တင်းလစ္စဘွန်းနည်းပြရူဘင်အေမီရွန်က မန်စီးတီးနည်းပြရာထူးအတွက် ရေပန်းစားနေပါတယ်။
ဒါပေမဲ့ မန်စီးတီးဟာ လေဗာကူဆင်နည်းပြ ဇာဘီးအလွန်ဆိုနှင့် ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်နေတဲ့ ဂန္ထဝင်အသင်းခေါင်းဆောင်ဗ င်းဆင့်ကွန်ပနီကိုလည်း ပစ်မှတ်ထားနေပါတယ်။
အီဒါဆင်ဟာ ၂၀၁၇ ခုနှစ်တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ပြီးခဲ့တဲ့ ၇ ရာသီတွင် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။
ဆက်လက်ပြီး အီဒါဆင်က မန်စီးတီးတို့ အောင်မြင်မှု ရရှိခြင်းမှာ ဂွါဒီယိုလာရဲ့ ဦးဆောင်လမ်းပြမှုကြောင့် ဖြစ်ကြောင်း ဆိုသွားပါတယ်။