ဘယ်လောက် ခြေစွမ်းပြပြ တစ်ပတ် တစ်ပွဲပဲ ကစားခွင့် ရမယ့် ချယ်ဆီး အသင်းသား

ချယ်ဆီး အသင်း နည်းပြ အန်ဇို မာရက်စ်ကာ ဟာ ပြင်သစ်သား ဗဟိုခံစစ်မှုး ဝက်စလေ ဖိုဖာနာ ကို တစ်ပတ်လျှင် တစ်ကြိမ်သာ ကစားခွင့် ပြုဖို့ သဘောတူထားကြောင်း သိရပါတယ်။ ဒါဟာ ဖိုဖာနာရဲ့ သတိပြုမိဖွယ် ဒဏ်ရာ သမိုင်းကြောင်းတွေကြောင့် သေချာ ကိုင်တွယ်ဖို့ အစီအမံလည်း ဖြစ်ပါတယ်။

ချယ်ဆီးက ဖိုဖာနာကို ၂၀၂၂ မှာ ပေါင် သန်း ၇ဝ ထိ သုံးကာ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် ဖိုဖာနာဟာ အနောက်လန်ဒန် ကလပ်ကို ရောက်လာတည်းက ဒဏ်ရာတွေ ဆက်တိုက် ကြုံနေရတာကြောင့် အသင်းမှာ ပုံမှန် ပွဲကစားနိုင်ခြင်း မရှိသေးပါဘူး။

လက်စတာ နောက်ခံလူဟောင်းဟာ ပြန်ကောင်းလာလိုက် ထပ်နာလိုက် သံသရာလည်နေတဲ့ ကိစ္စကို ရပ်တန့်နိုင်ဖို့ ဇန်နဝါရီထိ ဒဏ်ရာ မရဘဲ ကစားနိုင်အောင် ထိန်းသိမ်းဖို့ ရည်ရွယ်လာပါတယ်။

ဒါကြောင့် အီတလီသား နည်းပြကြီး မာရက်စ်ကာက ဖိုဖာနာကို တစ်ပတ် တစ်ပွဲထက် ပို မကစားခိုင်းဖို့ သဘောတူခဲ့ကြောင်း ပြင်သစ်သတင်းတွေက ဖော်ထုတ်လာတာပါ။

ဒီရာသီမှာ ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၇ ပွဲလုံးကို ဖိုဖာနာက ပါဝင် ကစားထားပါတယ်။ ဖိုဖာနာဟာ ချယ်ဆီးရဲ့ ယူရိုပါ ကွန်ဖရင့်လိဂ်နဲ့ ကာရာဘောင်း ဖလားပွဲတွေမှာလည်း ပါဝင် ကစားမှာ မဟုတ်ပါဘူး။

အောက်တိုဘာလ နိုင်ငံပွဲတွေ အပြီး ကစားမယ့် ချယ်ဆီးအသင်းရဲ့ လီဗာပူးနဲ့ ပွဲကိုတော့ ဖိုဖာနာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ၎င်းနဲ့ ကူကူရယ်လာက ဒီရာသီ အဝါကတ် ၅ ကတ် ပြည့်သွားတာကြောင့် တစ်ပွဲ ပယ်ခံရတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ဒီလထဲ ပြင်သစ် အသင်းရဲ့ နေးရှင်းလိဂ် ပွဲတွေ အတွက် ရွေးချယ် ခံခဲ့ရပါတယ်။ ဒါပေမယ့် အရန် အဖြစ်သာ ပါဝင်ထားပါတယ်။