ပရီးမီးယားလိဂ်ဖလားနဲ့ ပတ်သက်လို့ ချယ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာရဲ့ တုန့်ပြန်မှု

ချယ်ဆီးနည်းပြ မာရက်စကာက အသင်းဟာ တိုးတက်မှုတွေရှိနေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိသေးကြောင်း အသိပေးစကား ပြောဆိုသည်။

ချယ်ဆီးအသင်းသည် ရလဒ်ကောင်းတွေ ပြန်ယူနေကာ အမှတ်ပေးဇယားထိပ်ပိုင်းသို့ တက်လှမ်းလာခဲ့သည့်အတွက် ချန်ပီယံပြေးလမ်းပေါ်ရောက်လာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိလာနေသည်။

မာရက်စကာကတော့ အသင်းဟာ နှစ်ကာလရှည် အသားကျလာတဲ့ မန်စီးတီးနှင့် အာဆင်နယ်တို့ကို ပြိုင်ဆိုင်နိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့ မန်စီးတီးနဲ့ အာဆင်နယ်ကို ပြိုင်ဆိုင်နိုင်မယ်လို့ တကယ့်ကို မထင်ပါဘူး။ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူတို့က လက်ရှိနည်းပြတွေနဲ့ အချိန်ကြာမြင့်စွာ လက်တွဲခဲ့တာပါ။ အချိန်လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ချယ်ဆီးအသင်းသည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် သရေကျခဲ့သဖြင့် ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရသည်။