ချဲလ်ဆီး ကစားသမားတွေ လုံးဝ ပြင်ဆင်ရမယ့် အပိုင်း တစ်ခု ရှိကြောင်း ညည်းလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ကစားသမား ၆ ဦးအထိ အဝါကတ် ပြသခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းအနေနဲ့ စည်းကမ်းပိုင်း မှတ်တမ်းတွေကို တိုးတက်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဝါကတ် နောက်ဆက်တွဲ ပွဲပယ် ကိစ္စတွေကြောင့် လီဗာပူးလ်နဲ့ကစားရမယ့် လာမယ့်ပွဲစဉ်မှာ ချဲလ်ဆီး ကစားသမား ၂ ဦးအထိ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်တော့မှာဖြစ်ပါတယ်။

မာရက်စ်ကာရဲ့အသင်းဟာ နိုင်ငံတကာပွဲအားလပ်ရက်အပြီးမှာ အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့်လည်း ဝက်စ်လေ ဖိုဖာနာနဲ့ ကူကူရယ်လာတို့ဟာ ဖောရက်စ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဒီရာသီ ၅ ကတ်မြောက် အဝါကတ် ထိခဲ့ပြီးနောက် ပါဝင် ကစားပေးနိုင်တော့မှာ မဟုတ်တော့တာဖြစ်ပါတယ်။

အခြားချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ လီဗိုင်း ကိုဝီလ်၊ ကိုင်ဆေဒို၊ ပါလ်မာနဲ့ ပက်ဒရို နီတိုတို့လည်း အဝါကတ်ပြားပြသခံခဲ့ရတာကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ပေါင် ၂၅၀၀၀ ဒဏ်ကြေးတပ်ခြင်းခံရတော့မှာဖြစ်ပါတယ်။

” ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့ တိုးတက်အောင် လုပ်ရမယ့်အရာပါလို့။ ဒါပေမယ့် အသင်း တိုက်ပွဲဝင်တဲ့ပုံစံနဲ့ အစုအဖွဲ့တစ်ခုဖြစ်လာတဲ့ပုံစံကိုတော့ ကျွန်တော် သဘောကျပါတယ်” လို့ မာရက်စ်ကာက ပြောဆိုခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ် ကြယ်ပွင့် ၂ ဦးလည်း အဝါကတ်ပြသခံခဲ့ရပြီး ဒိုင်လူကြီး ခရစ္စ ကက်ဗ်နာက ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်ကို ပြစ်ဒဏ် ၂ ကြိမ်ကျူးလွန်မှုကြောင့် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။