ဆုဖလားကြီးတွေ ရယူဖို့ ချဲလ်ဆီး မယှဉ်နိုင်သေးတဲ့ အသင်းကြီး ပြိုင်ဘက်နှစ်သင်းကို နည်းပြ မာရက်စ်ကာ ဖော်ထုတ်

နည်းပြ အန်ဇိုမာရက်စ်ကာ ကတော့ လက်ရှိ ချဲလ်ဆီး အသင်းဟာ ယခုရာသီမှာ ဆုဖလားကြီးတွေ ရယူဖို့ မန်စီးတီး၊ အာဆင်နယ်တို့အား မယှဉ်ပြိုင်နိုင်သေးကြောင်း ဖွင့်ဟ‌ ပြောကြားလာပါတယ်။

အီတလီလူမျိုးနည်းပြဟာ ယခုရာသီတွင် ချဲလ်ဆီးအား ၁၀ ပွဲ ကိုင်တွယ်ရာတွင် ၇ ပွဲ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမဲ့ နည်းပြ အန်ဇို မာရက်စ်ကာက သူ့ရဲ့ ပထမဆုံးရာသီတွင် ချဲလ်ဆီးနှင့်အတူ ဆုဖလား ရယူနိုင်သေးတယ်လို့ မထင်ပါဘူး။

မာရက်စ်ကာက “စီးတီး (သို့မဟုတ်)အာဆင်နယ်တို့ကို ယှဉ်နိုင်တယ်လို့ တကယ် မထင်တာပါ။ အဆင်သင့် ဖြစ်နေပြီလို့လည်း မထင်ပါဘူး။ အဓိကအကြောင်းရင်းကတော့ မန်စီးတီးဟာ ဒီနည်းပြနဲ့ အလုပ်လုပ်လာတာ ၉ နှစ်ရှိပြီ။ အာဆင်နယ်ကလည်း ၅ နှစ်ရှိပြီ။

ကြီးမားတဲ့အရာတွေအတွက် ယှဉ်ပြိုင်ဖို့ အချိန်လိုပါတယ်။ အာဆင်နယ်က ပီအက်စ်ဂျီကို အနိုင်ယူပြီးချိန်မှာ သူတို့မေးတော့ လူးဝစ်အန်းနရစ်ကလည်း အာဆင်နယ်ဟာ ဒီနည်းပြနဲ့ တွဲလာတာ ၅ နှစ်ရှိပြီလို့ ဖြေတယ်။ သူတို့က တစ်နှစ်ခွဲပဲ ရှိသေးတယ်လို့ ဖြေတယ်။

အခု ကျွန်တော်တို့ဆို သုံးလပဲ ရှိသေးတယ်။ ဒီတော့ ကွာဟမှု အရမ်းများတယ်။ ဒီကလပ်တွေနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ တကယ်ကို မထင်တာပါ”လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ တနင်္ဂနွေနေ့မှာ အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်ကို ဧည့်ခံကစားရပါမယ်။

၎င်းတို့ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက် ၅ ခုတွင် ပေါင် ၁.၅ ဘီလီယံသုံးစွဲခဲ့သလို ကစားသမားအမြောက်အမြားလည်း ရောင်းချခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက “ရည်မှန်းချက်ကတော့ ဖြည်းဖြည်းချင်း တိုးတက်သွားပြီး ဒီကလပ်တွေနဲ့ ယှဉ်ပြိုင်လာနိုင်ဖို့ပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အသင့် မဖြစ်သေးပါဘူး။ ဘယ်လောက် တိုးတက်လာမယ်ဆိုတာ မသိတော့ အချိန် အတိအကျလည်းမပြောနိုင်ပါဘူး။ အဖြေရှာရမဲ့ပြဿနာကလည်း အမြဲရှိနေပါတယ်”လို့ ပြောကြားသွားပါတယ်။