
ချဲလ်ဆီး အသင်းဟာ ဒီမနက်က ကစားသွားတဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စု အဖွင့်ပွဲမှာ ဘယ်ဂျီယမ် ကလပ် ဂျန့်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၄ – ၂ နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာလည်း ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာဟာ ပြီးခဲ့တဲ့ အပတ် ကြားရက်မှာ ကစားခဲ့တဲ့ ဘာရိုး အသင်းနဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲတုန်းကလို ပွဲထွက်စာရင်းမှာ ကစားသမား ၁၁ယောက်လုံးကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ကွင်းလယ် အတွဲမှာ အထိုင်နေရာက ဒီရာသီ ဒုတိယအကြိမ် ပွဲထွက်ခွင့် ရခဲ့တဲ့ အီတလီ လူငယ် ကွင်းလယ်လူ ချက်ဆာရေး ကာဆာဒေးဟာ ယခင်က ဂျော်ဂျင်ဟို ကစားခဲ့တဲ့ ပုံစံအတိုင်း ကွင်းလယ်ကို တချက်ထိ ဘောလုံး ပေးပို့မှုတွေနဲ့ ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။
လက်စတာမှာကတည်းက ကာဆာဒေးနဲ့ အတူ လက်တွဲခဲ့တဲ့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက အီတလီသားရဲ့ လိုက်လျောညီထွေ ဖြစ်မှု အပေါ် ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ချီးကျူးသွားပါတယ်။
မာရက်စ်ကာ က ” ချက်ဆာရေးဟာ ဘာရိုးနဲ့ ပွဲတုန်းက အရမ်းကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒီနေ့ညမှာ သူဟာ အဲဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ သူ့ကစားပုံနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း ကျေနပ်ပျော်ရွှင်မိပါတယ်။ ”
” ကျွန်တော်ဟာ မနှစ်တုန်းက ချက်ဆာရေးကို ရခဲ့ဖူးပြီး သူဟာ မတူညီတဲ့ နေရာ တခုမှာ ကစားနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ သူ့ကို ကွင်းလယ်အထိုင် ကစားသမား အဖြစ် ကျွန်တော်တို့ အသုံးပြုကြည့်နေပါတယ်။ ”
” သူ့ကို အဲဒီ နေရာမှာ သုံးရတဲ့ အကြောင်းအရင်းက ဘောလုံးဟာ လမ်းကြောင်း တခုမှာ ရှိနေချိန် ခင်ဗျားဟာ ကွင်းလယ်မှာ ကြံ့ခိုင်မှု အသားပေး ကစားသမားတွေ လိုပါတယ်။ ချက်ဆာရေးဟာ ဘောလုံး ခြေထဲ မရှိချိန် တွန်းတွန်းတိုက်တိုက် ကစားနိုင်ပါတယ်။ သူဟာ ကျွန်တော်တို့ press ကစားချင်တဲ့ အချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။ ”
” ဘောလုံး ခြေထဲ ရှိနေချိန်မှာလည်း သူ အများကြီး တိုးတက်လာပါပြီ။ ဒီနေ့ညရဲ့ ပွဲချိန် အများစုမှာ သူဟာ တချက် ဘောလုံး ပေးပို့မှုတွေ လုပ်နိုင်ခဲ့ပါတယ် ။ ဒီတော့ သူ့အတွက် ကျွန်တော်တို့ အရမ်း ပျော်ရွှင်မိပါတယ်။ ”
” တဖက်မှာ တခြား အသင်းသားတွေလိုပဲ သူ့မှာ ဒီထက် ပိုကောင်းအောင် လုပ်ပြဖို့ လိုသေးတဲ့ အရာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ကောင်းတာတခုက သူဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။