
ချယ်ဆီးအသင်းမှာ ကစားပြီး ခြေစွမ်းပြနေတဲ့ ဂျေဆန် ဆန်ချိုကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ဖို့ အင်္ဂလန် အသင်း ယာယီနည်းပြ လီကာစလေ က စဉ်းစားနေပြီဖြစ်ပါတယ်။
လီကာစလေဟာ မန်စီးတီး လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ချိန်တုန်းက ဆန်ချိုနဲ့လက်တွဲခဲ့ဖူးပြီး ဆန်ချိုရဲ့ အရည်အချင်းကို ကောင်းကောင်း နားလည်ထားပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သူ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ စိတ်ပျက်စရာအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ဒီရာသီအစက ချယ်ဆီးအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ပြီးနောက်ပိုင်း ခြေစွမ်းပြနေသလို ပရီးမီးယားလိဂ် ၃ ပွဲကစား၊ ဂိုး ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ဆန်ချိုဟာ ၂၀၂၁ နောက်ပိုင်းကတည်းက အင်္ဂလန်အသင်းမှာ ကစားခွင့် မရတော့ပေမဲ့ အခု လီကာစလေက ဆန်ချိုကို ပြန်လည်ရွေးချယ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
လီကာစလေက “ဆန်ချိုဟာ ကျွန်တော် အရမ်း နှစ်သက်သဘောကျတဲ့ ကစားသမားဖြစ်ပါတယ်။ သူက အလားအလာကောင်းသလို အခု သူ့ကို တန်ဖိုးထား ချစ်ခင်ပေးတဲ့အသင်းမှာ ရောက်ရှိနေပါပြီ။
ဘရိုက်တန်နဲ့ပွဲတုန်းက ဆန်ချို ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အခုထက် ပိုပွဲကစားခွင့်ရဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ လူရွေးချယ်တဲ့နေရာမှာ အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ဘဲ ကလပ်အသင်းမှာ ၃၊ ၄ ပွဲလောက် ခြေစွမ်းပြရုံနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်သွားမှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နောက်တစ်ပတ်ကျရင် UEFA Nations League ပွဲအဖြစ် ဂရိ၊ ဖင်လန်တို့နဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲတွေအတွက် လူစာရင်းကို လီကာစလေက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလထဲ အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ဝေါ်လ်ကာ ပြန်လည်ပါဝင်လာပေမဲ့ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားကတော့ ဆက်လက် ချန်လှပ်ခံခဲ့ရပါတယ်။