
ဒီရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ် ဇယားထိပ်ထိ တက်ရောက်သွားပေမယ့် အဓိက ဒေါက်တိုင်တွေနေရာ အစားထိုးဖို့ လိုအပ်လာခြင်းကို ထောက်ပြခံလာရပါတယ်။
လီဗာပူး ဂန္တဝင်ကြီး စတိဗ် နီကိုးကတော့ ကလပ်ရဲ့ ဖယ်ထုတ်မရတဲ့ တိုက်စစ်သမား ဆာလာ အသက်ရလာကာ ကလပ်မှာ စာချုပ်ရှည် မရှိတော့ခြင်းကြောင့် အနာဂတ်အတွက် စိတ်ပူမှု ရှိနေပါတယ်။
အန်ဖီးကလပ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ အမှတ်ပေးဖလားတွေ အောင်မြင်ခဲ့တဲ့ စတိဗ် နီကိုးက ဆာလာနေရာ အစားထိုးဖို့ရာ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးမှာ ထွန်းတောက်နေတဲ့ ပါလ်မာလို ကြယ်ပွင့်မျိုးကို ရှာဖွေနိုင်ဖို့ မျှော်လင့်နေတယ်။
ပါလ်မာကို ရဖို့ ဆာလာကို အလိုက်ပေးရမယ်ဆိုရင် လဲမလားလို့ မေးခံရချိန်မှာ စတိဗ် နီကိုးက
“ ကျနော် အမြဲပြောပါတယ်။ ကလပ်ရဲ့ အနာဂတ်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အကယ်လို့ ချယ်ဆီးက ဒီအလဲအထပ်ကို သဘောကျမယ်ဆိုရင် ကျနော်တော့ လဲမှာပါပဲ ” လို့ သူ့အမြင်ကို ဆိုခဲ့တာ ဖြစ်ပါတယ်။
ဆာလာဟာ လီဗာပူးအသင်းမှာ ၆ နှစ်ကျော်ကြာ ရှိထားခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အသင်းအောင်မြင်ဖို့ အများကြီး အကူအညီဖြစ်ခဲ့သူပါ။
ဒါပေမယ့် သိပ်မကြာတော့တဲ့ အနာဂတ်မှာ အသက် ၃၂ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးမှာ ဆက်မရှိတာမျိုး ဖြစ်လာနိုင်ခြင်းကြောင့် အသင်းဟာ သွေးသစ်လောင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။