ဒီနွေမှ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့လာတဲ့ တိုက်စစ်သမား ဂျေဒန် ဆန်ချို ကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှ နွေးထွေးတဲ့ ကြိုဆိုမှု အတွက် ချဲလ်ဆီး ပရိသတ်တွေထံ ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။
ဆန်ချို က ” ကျွန်တော့ရဲ့ ပွဲစတင်ပုံ အနည်းငယ် နှေးကွေးခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းချင်း တိုးတက်လာပြီလို့ ကျွန်တော် ခံစားရပါတယ်။
(ဘရိုက်တန်နဲ့ ပွဲမှာ) အသင်းအတွက် ပင်နယ်တီ ယူပေးနိုင်ခဲ့သလို ကိုးလ်အတွက်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီတော့ ဒါမျိုး ဖြန့်ဝေမှုတွေ လုပ်ပေးနိုင်လို့ ကျွန်တော် ပျော်ပါတယ်။
ခြုံပြောရရင် ချဲလ်ဆီး ကစားသမား တယောက် အဖြစ်နဲ့ ပထမဆုံး အကြိမ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခွင့် ရတာနဲ့တင် ကျွန်တော် ပျော်နေခဲ့တာပါ။ ဒါက ကြီးကျယ်တဲ့ ခံစားချက် တခု ဖြစ်ပြီး၊ ပရိသတ်တွေဆီက နွေးထွေးတဲ့ ကြိုဆိုမှု ရတဲ့ အတွက်လည်း ကျွန်တော် အမှန်တကယ် ကျေးဇူးတင်မိပါတယ်။
ပရိသတ်တွေဆီက လက်ခုပ်ဩဘာနဲ့ အားပေးမှု ရခဲ့တာက ကြီးမားတဲ့ ခံစားချက် တခုပါ။ ကျွန်တော့ မိသားစုနဲ့ မိတ်ဆွေတွေဟာလည်း ပွဲအတွင်းမှာ ရှိနေခဲ့ပါတယ်။ ဒီတော့ ဒါက ပိုပြီး စပါယ်ရှယ်ဖြစ်ခဲ့ပါတယ်။
လတ်တလောပွဲတွေမှာ ဂိုးဖန်တီးမှုတွေ လုပ်ထားနိုင်လို့ ကျွန်တော် ပျော်ရွှင်ရပါတယ်။
ကျွန်တော့် အနေနဲ့ ဒီအရှိန်ကောင်းကို ဆက်ထိန်းပြီး၊ အသင်းဖော်တွေကို ဆက်လက် ဂိုးဖန်တီးပေးသွားချင်ပါတယ်။ ဒါမှမဟုတ် ချဲလ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ရလာမယ်ဆိုရင်လည်း ကောင်းပါတယ်။ ” လို့ ဘရိုက်တန်နဲ့ ပွဲပြီး အင်တာဗျူးမှ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။