ဂယ်ရီနဗီးလ်ကို ရှော့ခ်ရစေတဲ့ ချဲလ်ဆီး အသင်းသား၊ မိုဟာမက် ဆာလာနဲ့ နှိုင်းယှဉ် ချီးကျူးခြင်း

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီးစတား ပါလ်မာဟာ သူ့ကို ရှော့ခ်ရအောင် စွမ်းဆောင်ပြနေတယ်လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ပါလ်မာက မိုဟာမက် ဆာလာ လီဗာပူးသို့ စတင် ရောက်ရှိလာတဲ့ နှစ်တွေတုန်းကလို သူ့အတွေးတွေကို လွဲမှားအောင် လုပ်ပြနေတယ်လို့ လည်း နဗီးလ်က နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။

Sky Sports မှာ နဗီးလ် က ” ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာပြီလား ? သူ သိပ်မဝေးတော့ပါဘူး။ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် အံ့သြခဲ့မိတယ်လို့ ပြောရပါမယ်။

မိုဟာမက် ဆာလာ ပရီးမီးယားလိဂ်မှာ ကစားလာတဲ့ နှစ်တွေ တလျှောက် ဂိုးတွေ အများကြီး သွင်းလာတုန်းက ကျွန်တော့ အတွေး တခုကို အမှတ်ရမိပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ဆာလာကို ‘ ဒုတိယ ရာသီတော့ သူ ထပ်လုပ်ပြနိုင်မှာ မဟုတ်ပါဘူး။ တတိယ ရာသီတော့ သူ ထပ်ပြလုပ်နိုင်မှာ မဟုတ်ပါဘူး ‘ လို့ ထင်ခဲ့တာပါ။

အခု ကိုးလ်ပါလ်မာဟာလည်း ကျွန်တော့ကို လုံးဝ ရှော့ခ်ရစေအောင် စွမ်းဆောင်ပြနေပါတယ်။ ဒီအဆင့်အထိ သူ ရောက်လာတာ၊ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူရိုမှာ အင်္ဂလန် အတွက် သူ ကစားခွင့်တွေ မရခဲ့တာကို စဉ်းစားကြည့်ရင် လုံးဝ ရူးလောက်စရာကောင်းပါတယ်။

ပိုပြီး ရူးလောက်စရာကောင်းတာက အပြောင်းအရွှေ့ ဈေးကွက်တွေမှာ မယုံနိုင်ဖွယ်ကောင်းတဲ့ မန်စီးတီးက သူတို့ရဲ့ ကိုယ်ပိုင် အကယ်ဒမီ ခြံပေါက် ကစားသမား တယောက်ကို လက်လွှတ်ခဲ့တာပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ လာမယ့် ကြာသပတေးညမှာ ကွန်းဖရန့်လိဂ် အုပ်စု အဖွင့်ပွဲ စတင် ကစားဖို့ ရှိပြီး ပါလ်မာကတော့ ကွန်းဖရန့်လိဂ် လူစာရင်းမှ ချန်လှပ်ခံထားရတာကြောင့် လာမယ့် တနင်္ဂနွေနေ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှသာ ပြန်လည် ပွဲထွက်ကစားဖို့ ရှိပါတယ်။