လေးဂိုးတောင် သွင်းခဲ့ပေမယ့် ကိုးလ် ပါလ်မာ ကို အားမရ ဖြစ်နေသေးတဲ့ နည်းပြ အန်ဇို

နည်းပြ အန်ဇို မာရက်စ်ကာရဲ့ ချယ်ဆီးအသင်းဟာ မနေ့ညက ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ကိုးလ် ပါလ်မာရဲ့ သွင်းဂိုးတွေချည်းနဲ့ ၄-၂ ဖြင့် နိုင်ပွဲ ရခဲ့ပါတယ်။

ပါလ်မာ က ချယ်ဆီးအသင်း အတွက် လေးဂိုးလုံး ပထမပိုင်းမှာတင် သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် စံချိန်သစ် တင်ခဲ့ပါတယ်။

နည်းပြ မာရက်စ်ကာ ကတော့ သူ့ရဲ့ ချယ်ဆီး တိုက်စစ်သမားလေး ဂိုးတွေ တဒိုင်းဒိုင်း သွင်းနေသည့်တိုင် ကျေနပ်ဟန် မရှိသေးဘဲ နောက်ထပ် နှစ်ဂိုးလောက် ရခဲ့ရဦးမှာလို့ မချင့်မရဲဖြစ်ကာ ပြောဆိုခဲ့ပါတယ်။

” ကျွန်တော် ကိုးလ် (ပါလ်မာ) ကို ပြောနေခဲ့တာ။ သူ နောက်ထပ်တောင် နှစ်ဂိုး၊ သုံးဂိုးလောက် သွင်းနိုင်ခဲ့ရဦးမှာလို့။ သူ အခုလို အောင်မြင်မှုတွေ ဆာလောင်ပြီး ရည်မှန်းချက်ကြီး ရှိနေဖို့ အရေးကြီးပါတယ်။

ကိုးလ်ကို ကျွန်တော် သိတာ အရင်နှစ်တွေ အတော်ကြာတည်းကပါ။ သူ့ကို စီးတီးမှာ တစ်ရာသီလုံး အတူ ရှိဖူးတယ်၊ နောက်ပြီး ပထမ အသင်းကြီးနဲ့ရောပေါ့။ အကောင်းဆုံး ကိစ္စက သူ လူငယ်လေး ဘဝ နေ့ရက်တွေတည်းကနေ အခုထိ သူက တစ်ပုံစံတည်းပါပဲ။

ဒီနေ့ခေတ် ဘောလုံးလောကမှာက လူငယ် ကစားသမားတွေ မြန်မြန်ကြီး ပြောင်းလဲ သွားတတ်ကြတယ်။ တစ်ဂိုးလောက် သွင်းလိုက်တာနဲ့ ငါတို့တော့ တစ်နေရာ ရောက်ပြီ ထင်ကြတယ်။

ကိုးလ်က ဂိုးတွေ အများကြီး သွင်းတယ်၊ အများကြီး ဖန်တီး ပံ့ပိုးတယ်။ သူက ထိပ်တန်း ကစားသမား တစ်ယောက် ဖြစလာပေမယ့် ဘယ်တော့မှ ပြောင်းလဲ မသွားဘူး။ ” လို့ မာရက်စ်ကာ က ချီးကျူးသွားခဲ့ပါတယ်။