ချဲလ်ဆီးမှာ အငှား ထွက် ကစားရင်း ခြေတွေ့နေတဲ့ အင်္ဂလန်သား တိုက်စစ်သမား ဂျေဒန် ဆန်ချိုဟာ ယခုရာသီမှာ မိနစ် ၁၇ဝ သာ ၃နာရီ မပြည့် ဘဲ ကစားထားပြီး ယူနိုက်တက်တိုက်စစ်သမား ၇ ဦးပေါင်းထက်တောင် ပိုတဲ့ ဖန်တီးမှု ပြုလုပ်ထားပါတယ်။
တောင်ပံကစားသမားဟာ ယူနိုက်တက်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ၂ ပွဲတွင် ယူနိုက်တက်လူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်မှာ ချဲလ်ဆီးသို့ အငှားဖြင့် ပြောင်းခဲ့ပါတယ်။
အန်ဇိုမာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ ဆန်ချိုရဲ့ အငှားစာချုပ်အတွင်းတွင် ရာသီအကုန်မှာ ပေါင်သန်း ၂၀ မှ ၂၅ သန်းအတွင်း ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဆန်ချိုဟာ အဲရစ်တန်ဟက်လက်အောက်မှာ နေရာမရခဲ့ပေမဲ့လည်း အနောက်လန်ဒန်မှာတော့ အကောင်းဆုံးခြေစွမ်းပြနေပါတယ်။
အသက် ၂၄ နှစ်ရှိ ဆန်ချိုဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၃ ပွဲကစားထားရာမှာ ၃ ပွဲလုံး ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
သူဟာ ဘုန်းမောက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ချဲလ်ဆီးအတွက် ပထမဆုံးပွဲ ကစားပြီး ခရစ္စတိုဖာအန်ကန်ကူ အနိုင်ဂိုးသွင်းနိုင်အောင် ဖန်တီးခဲ့ပါတယ်။
ယင်းနောက် သူဟာ ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ နီကိုလပ်စ်ဂျက်ဆင်ရဲ့ အဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးခဲ့ပါတယ်။
နောက်ဆုံး သူဟာ မနေ့ညတုန်းက ဘရိုက်တန်ကို ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကိုးလ်ပါလ်မာရဲ့ ဒုတိယဂိုးကို ဖန်တီးခဲ့ပါတယ်။
ချဲလ်ဆီးအတွက် ၃ ကြိမ် ဖန်တီးထားနိုင်တဲ့ ဆန်ချိုဟာ ယူနိုက်တက်တိုက်စစ်သမားများဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်၊ အလီဂျန်ဒရိုဂါနာချို၊ မားကပ်စ်ရက်ဖို့ဒ်၊ မေဆင်မောင့်၊ ခရစ္စတီယန်အဲရစ်ဆင်၊ ဂျိုရှာဇတ်ဇီး၊ ကိုဘီမိုင်နူးတို့ ၇ ဦးပေါင်းထက် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
ယခုရာသီတွင် ယူနိုက်တက်တွင် ၁ ကြိမ်ထက် ပိုပြီး ဖန်တီးမှု ပြုလုပ်ထားနိုင်တဲ့ ကစားသမား မရှိပါဘူး။ ဖာနန်ဒက်စ်၊ ဂါနာချို၊ အေမက်ဒီရယ်လို၊ ဒီယေဂိုဒါလော့၊ နူဆာမာ့ဇ်ရာဝီတို့ ၁ ကြိမ်စီ ဖန်တီးထားကြပါတယ်။