သွင်းဂိုးတွေ ရပ်တန့် မရနိုင်တော့တဲ့ ချယ်ဆီးအသင်းဟာ ဒီည အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘရိုက်တန်ကို ဧည့်ခံကစားပြီး ပါလ်မာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၄-၂ ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲအစမှာတင် ချယ်ဆီးခံစစ်ရဲ့ အမှားကနေ ဘရိုက်တန်ဘက်က ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဆန်းချက်စ် ဦးဆောင်တဲ့ ခံစစ်ဟာ ဒီပွဲမှာ မကြာခဏ အမှားတွေ လုပ်ခဲ့သလို ကာကွယ်မှုအချို့လည်း လုပ်ခဲ့ပါသေးတယ်။
ဦးဆောင်ဂိုးပေးရတဲ့နောက် ချယ်ဆီးတို့ သွင်းဂိုးတွေအတွက် ပြန်လည် အားထုတ်လာပြီး ဘရိုက်တန်ရဲ့ high line ကို ဆက်တိုက်ဆိုသလို ဖောက်ထွက်ခဲ့ပါတယ်။ ချိန်သားကိုက်မှု နည်းနည်းလေး လိုနေလို့ ဂိုးမရပေမယ့် ချယ်ဆီးက အတော်လေး ခြိမ်းခြောက်နိုင်ခဲ့တယ်။
တိုင်ထိလိုက်၊ ဂိုးပယ်ဖျက်ခံရလိုက်ဖြစ်နေရာက မိနစ် ၂၀ လောက်မှာ ပါလ်မာက ခြေပဂိုး စသွင်းပါတယ်။ ဆက်တိုက်ဆိုသလို ပါလ်မာကပဲ ပင်နယ်တီနဲ့ တည်ကန်ဘောတွေကနေ ဦးဆောင်ဂိုးတွေ ထပ်ယူခဲ့တယ်။
ပွဲက ဖွင့်ကစားကြတာကြောင့် အတော်လေး မြိုင်ဆိုင်ခဲ့ပြီး ပထမပိုင်း မပြီးခင်မှာတင် ဘရိုက်တန်ဘက်က ခြေပဂိုး ပြန်ယူသလို ပါလ်မာကလည်း ဂိုးထပ်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချယ်ဆီးက အခွင့်အရေးတွေ ထပ်ရပေမယ့် ဘရိုက်တန်ရဲ့ ခံစစ်က ပိုပြီး တည်ငြိမ်လာခဲ့ပါတယ်။
တိုက်စစ်က ပွဲထွက်လာတဲ့ ပါလ်မာ၊ ဂျက်ဆန်၊ ဆန်ချိုတို့ ဒီပွဲမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ယူနိုက်တက်မှာ အပယ်ခံဖြစ်ခဲ့တဲ့ ဆန်ချိုက လန်ဒန်မြေမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြန်ရလာနေပါတယ်။
ဒီပွဲမှာ အထူး ချီးကျူးရမှာက ပါလ်မာပဲဖြစ်ပြီး ချယ်ဆီးတိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပေးသွားပါတယ်။ သူ့ရဲ့ တစ်ဦးချင်းကော အသင်းလိုက် ထူးချွန်မှုတွေကပဲ ချယ်ဆီးကို ပြတ်သားတဲ့ နိုင်ပွဲ ရစေခဲ့တာ ဖြစ်ပါတယ်။