
ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ဘားရိုးကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်အပြီးမှာ ဟက်ထရစ် သွင်းဂိုးရှင် ခရစ္စတိုဖာ အန်ကွန်ကူဟာ အသင်းအတွက် ပွဲထွက်ပါဝင်ဖို့ ထိုက်တန်တဲ့ကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးဟာ လိဂ် ၂ အသင်းဖြစ်တဲ့ ဘားရိုးကို အင်္ဂါနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂိုးပြတ် အနိုင်ယူခဲ့တာဖြစ်ပြီး အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကြီးမားတဲ့ နိုင်ပွဲနဲ့အတူ ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အန်ကွန်ကူက မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် အသင်းအတွက် ပွဲထွက် ပါဝင် ကစားပေးခဲ့ပြီး ဘားရိုးနဲ့ပွဲစဉ်မှာ ၁၅ မိနစ်အတွင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျာအို ဖဲလစ္စရဲ့ အလွတ်တည်ကန်ဘောကနေ ကန်သွင်းယူမှုက တိုင်ထိထွက်လာပြီးနောက် ဘားရိုး ဂိုးသမား ပေါလ် ဖားမန်းနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် ချဲလ်ဆီးက ပထမပိုင်းအပြီးမှာ ၃-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ နောက်ထပ် ဦးဆောင်ဂိုးတွေ အများကြီး ထပ်ရမယ့်ပုံပေါ်ခဲ့ပြီး ပက်ဒရို နီတိုက ချဲလ်ဆီးအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘားရိုးက ခံစစ်မှာ ပိတ်ကစားခဲ့တဲ့အတွက် အန်ကွန်ကူရဲ့ ၇၅ မိနစ်မှာ သွင်းယူခဲ့တဲ့ နောက်ထပ်တစ်ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
မာရက်စ်ကာက ဘားရိုးနဲ့ပွဲက အသင်းရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ တက်ကြွတဲ့ ကစားပုံကြောင့် စိတ်ကျေနပ်ခဲ့ပြီး ကာရာဘောင်းဖလားအောင်ပွဲက ကစားသမား ၃ ဦးဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ပျော်ရွှင်မိပါတယ်။ ပက်ဒရိုအတွက် ပျော်ရွှင်မိပါတယ်။ ခရစ္စတိုအတွက်လည်း ပျော်တယ်။ ဂျာအိုအတွက်လည်း ပျော်ပါတယ်။ သူတို့အားလုံးအတွက် ပျော်ရွှင်မိပါတယ်။
သူတို့အားလုံးက ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် သူတို့တွေ အခုအချိန်မှာတော့ ကစားခွင့်မရသေးပါဘူး။ ဒါပေမယ့် သူတို့တွေကို ပွဲကစားချိန်ပေးတဲ့အခါမှာ အခွင့်အရေးရတဲ့အချိန်မှာ ရအောင် ယူနိုင်ခဲ့တာက ထူးခြားဆန်းကြယ်ပါတယ်။
၅ မိနစ်ပဲဖြစ်ဖြစ်၊ ၄၅ မိနစ်ပဲဖြစ်ဖြစ်၊ မိနစ် ၉၀ ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ သူတို့တွေအားလုံးက အဆင်သင့်ဖြစ်နေပြီး အဲဒါက အရေးအကြီးဆုံးအရာပါ။”လို့ ပြောကြားခဲ့ပါတယ်။