
နည်းပြ အန်ဇို မာရက်စ်ကာက ချဲလ်ဆီးအသင်းရဲ့ လူစာရင်းထဲမှာ ဘန် ချေးဝဲလ်က တစ်ဦးအပါအဝင်ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။
အင်္ဂလန် နောက်ခံလူဟာ အရောင်းစာရင်းအတင်ခံခဲ့ရပြီးနောက် ရက်သတ္တပတ်အနည်းငယအကြာမှာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ပထမအသင်းအတွက် ပြန်လည် ကစားပေးခွင့်ရတော့မှာဖြစ်ပါတယ်။
မာရက်စ်ကာက ဒီနွေရာသီမှာ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာပြီးနောက် အင်္ဂလန်နောက်ခံလူကို ရောင်းထုတ်ချင်တဲ့ဆန္ဒကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သူဖြစ်ပြီး ချေးဝဲလ်ကို ရာသီကြိုခရီးစဉ်အပြီး ပထမအသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခွင့် ပိတ်ပင်ခဲ့တဲ့အထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာက သတင်းစာရှင်းလင်းပွဲမှာလည်း ဘယ်နောက်ခံကစားသမားအနေနဲ့ ပုံမှန်ပွဲကစားချိန် ရရှိချင်တယ်ဆိုရင် အသင်းကနေ ထွက်ခွာသင့်တယ်လို့ ဝန်ခံပြောဆိုခဲ့ပေမယ့်လည်း မကြာသေးမီက ချေးဝဲလ်နဲ့ပတ်သက်ပြီး စိတ်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။
ချေးဝဲလ်ဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် တစ်ပွဲမှ ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပေမယ့်လည်း ဒီနေ့ညမှာ ကစားသွားမယ့် ကာရာဘောင်းဖလား တတိယပွဲစဉ်ဖြစ်တဲ့ ဘားရိုးနဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိနိုင်တယ်လို့ မာရက်စ်ကာက အတည်ပြုခဲ့တာဖြစ်ပါတယ်။
ချေးဝဲလ်ကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားရမယ့် ပွဲစဉ်မှာ ပရိသတ်တွေ ပြန်လည်မြင်တွေ့ရနိုင်လားလို့ မေးမြန်းခဲ့ရာမှာ မာရက်စ်ကာက ခုလို ဖြေခဲ့တာပါ။
“တွေ့ရနိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ သူ့ကို ပွဲကစားချိန်အချို့ ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သူ့အတွက် စိတ်ကူးထားခဲ့တာကတော့ အသင်းကနေ ထွက်ဖို့ပါ။အခုအချိန်မှာတော့ သူက ဒီမှာရှိနေတယ်။
အသင်းလူစာရင်းထဲက တစ်ဦးပါ။ သူ လေ့ကျင့်ရေးလည်း ဆင်းနေတယ်။ မနက်ဖြန်(အင်္ဂါနေ့)လူစာရင်းထဲမှာ ပါပါလိမ့်မယ်။ ကျွန်တော်တို့သူ့ကို မိနစ်အချို့ ကစားခွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။