မန်စီးတီး အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာတဲ့ ရိုဒရီ ရဲ့ ဒဏ်ရာ အခြေအနေ

အားထားရတဲ့ ကွင်းလယ် ကစားသမား ရိုဒရီဟာ ဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူလာရဖို့ ရှိနေတာကြောင့် မန်စီးတီးအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

မန်စီးတီးကွင်းလယ်ကစားသမားဟာ တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းမှာ အာဆင်နယ်နှင့် နှစ်ဂိုးစီသရေကျတဲ့ပွဲမှာ အရွတ်စုတ်ပြဲဒဏ်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီဟာ ပက်ဂွါဒီယိုလာရဲ့ ချန်ပီယံအသင်းတွင် ပါဝင်ကစားတဲ့ပွဲ ၇၄ ပွဲဆက် မရှုံးတဲ့ မှတ်တမ်းတင်ခဲ့သူ ဖြစ်ပြီး မေလတုန်းက အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ယူနိုက်တက်ကို ရှုံးနိမ့်ကာ ၄၇၅ ရက်အတွင်း ပထမဆုံးရှုံးပွဲကြုံခဲ့ပါတယ်။

ရိုဒရီဟာ ပွဲအစပိုင်း ၈ စက္ကန့်တွင်ပင် ကိုင်ဟာဗတ်ဇ်နှင့် ထိမိပြီးနောက် လဲကျခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကို VAR က စစ်ဆေးမှု ပြုလုပ်ပြီးနောက် မတော်တဆဖြစ်ရပ်အဖြစ်သာ သတ်မှတ်ကာ အရေးယူမှု မပြုလုပ်ခဲ့ပါဘူး။

ယင်းနောက် သူဟာ ပထမပိုင်းမှာပင် သောမတ်စ်ပါတေးနှင့် လဲကျပြီးနောက် နောက်ထပ် ဒဏ်ရာ ရရှိလာချိန်မှာတော့ ဆက်မကစားနိုင်တော့ဘဲ ကိုဗာဆစ်နှင့် လူစားလဲလှယ်ခဲ့ရပါတယ်။

ယခုအခါ စပိန်သတင်းစာ AS က ရိုဒရီရဲ့ ဒဏ်ရာမှာ မန်စီးတီးတို့ ထင်မှတ်ထားသည်ထက် ဆိုးရွားနေပြီး အရွတ် ဒဏ်ရာ ရရှိခြင်းဖြစ်ကာ ရာသီအကုန်အထိ အနားယူရနိုင်တယ်လို့ ရေးသားလာပါတယ်။

တဖက်တွင် မီဒီယာအချို့ကလည်း ရိုဒရီမှာ ကွင်းအတွင်းမှာ လမ်းလျှောက် ထွက်ခွာလာနိုင်ခြင်းဖြစ်ရာ ဒဏ်ရာမပြင်းထန်နိုင်ဘူးလို့လည်း ရေးသားနေကြပါတယ်။

ရိုဒရီဟာ ယခုရက်ပိုင်းအတွင်းတွင် မက်ဒရစ်သို့ သွားရောက်ကာ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုခံယူပါမယ်။

မန်စီးတီးဟာ လူအင်အားတောင့်တင်းတဲ့ အသင်းဖြစ်ပေမဲ့ ရိုဒရီမှာ အစားထိုးရန် ခက်ခဲတဲ့ ကစားသမားဖြစ်နေမှုနှင့်အတူ ရုန်းကန်လာရဖို့ ရှိနေပါတယ်။ တဖက်တွင် အသင်းခေါင်းဆောင် ကီဗင်ဒီဘရိုင်းမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါသေးတယ်။

မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့တွင် ဝက်ဖို့ဒ်ကို ခါရာဘောင်ဖလား တတိယ အဆင့်ပွဲစဉ်အဖြစ် ဧည့်ခံကစားရမှာ ဖြစ်ပြီး စနေနေ့တွင် နယူးကာဆယ်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။

ယင်းပွဲအပြီးတွင် မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ် ၂ အဖြစ် ဆလိုဗန်ဘရာတီဆလာဗာအား အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ရပါမယ်။