ရိုဒရီ ရဲ့ ဒဏ်ရာ အခြေအနေနဲ့ တပည့်ကျော်ကို ဘလွန်းဒီအောလည်း ရစေချင်ကြောင်း ပြောလာတဲ့ ပက်

မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက အာဆင်နယ်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၁ မိနစ်မှာ လူစားလဲလှယ်ခဲ့ရတဲ့ ကွင်းလယ်ကစားသမားရိုဒရီရဲ့ ဒဏ်ရာအခြေအနေကို မသိရသေးကြောင်း ပြောကြားလာပါတယ်။

စပိန်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်စတားသောမတ်စ်ပါတေးနှင့် ထိခိုက်မိပြီးနောက် ဒူးဒဏ်ရာ ရရှိသွားတယ်လို့ ယူဆရပြီး ကိုဗာဆစ်နှင့် လူစားလဲလှယ်ခဲ့ရပါတယ်။

ဂွါဒီယိုလာက ” ကျွန်တော် သေချာ မသိသေးဘူး။ ဆရာဝန်တွေကို မမေးကြည့်ရသေးဘူး။ ရိုဒရီက သန်မာတဲ့သူပါ။ တခုခု ခံစားရလို့ ကွင်းထဲက ထွက်ခွာလာတာပါ။ မဟုတ်ရင် ကွင်းထဲမှာပဲ ဆက်နေလိမ့်မယ်။

သူက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် အထိုင်ကစားသမားပါ။ ဘလွန်းဒီအော ရနိုင်ခြေရှိတယ်။ ကျွန်တော်လည်း သူ့ကို ရစေချင်တယ်”လို့ ပြောကြားသွားပါတယ်။

မန်စီးတီးဟာ ၂၀၁၉ ခုနှစ်မှာ ရိုဒရီရောက်လာပြီးနောက် သူပါဝင်ကစားတဲ့ပွဲများတွင် ၁၁ ရာခိုင်နှုန်းတည်းသာ ရှုံးနိမ့်ထားပြီး ၇၄ ရာခိုင်နှုန်းအထိ နိုင်ပွဲရထားပါတယ်။

ရိုဒရီ မပါဝင်နိုင်ချိန်မှာ မန်စီးတီးဟာ ၂၄ ရာခိုင်နှုန်းရှုံးနိမ့်ထားပြီး ၆၄ ရာခိုင်နှုန်းသာ နိုင်ပွဲ ရထားပါတယ်။