
ပြီးခဲ့တဲ့ စနေနေ့ ညနေ အစောပိုင်းကန်ခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ ချယ်ဆီးအသင်းဟာ ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ချယ်ဆီး အတွက် ဂိုးတွေကို နီကိုးလပ်စ် ဂျက်ဆန်က ၂ ဂိုးနဲ့ ကိုးလ် ပါလ်မာက ၁ ဂိုး သွင်းခဲ့တာပါ။
ချယ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ က လန်ဒန်ဒါဘီ နိုင်ပွဲမှာ ချယ်ဆီးအသင်းသားတွေထဲ ထိပ်တန်း အစွမ်းပြခဲ့သူ ၃ ဦးကို ပွဲအပြီးမှာ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
” ဒီပွဲမှာတော့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည် မြင်ခဲ့ရတာပဲ။ ကျွန်တော်တို့ သိပ် ပျော်ရွှင်ပါတယ်။ ကျွန်တော် ရောက်လာတည်းက စလို့ ကစားသမားတွေက နည်းစနစ် အိုင်ဒီယာတွေကို နားလည်လာတာ၊ မတူညီတဲ့ ပုံစံမျိုး ဖော်ဆောင်လာနိုင်တာ အားရစရာပါ။
ကျွန်တော်တို့ ဘောလုံးမပါဘဲ ရွေ့လျားတာတွေလည်း အလုပ် ဖြစ်လာတယ်။ နီကိုးလပ်စ် နဲ့ ကိုးလ် (ပါမာ)တို့ကတော့ ထိပ်တန်းပဲ။
သူတို့ ဂိုးသွင်းလို့ ဒီလို ပြောတာ မဟုတ်ဘူး၊ ဘောလုံးနဲ့ အတူ ရှိစဉ်ရော၊ မရှိစဉ်မှာပါ သူတို့ အားထုတ် ကစားသွားတာကို ပြောတာပါ။ ” လို့ နည်းပြ မာရက်စ်ကာက ပြောဆို ချီးကျူးခဲ့ပါတယ်။
၎င်းတို့ အပြင် ချယ်ဆီး ကွင်းလယ်ကနေ အထင်ကြီးဖွယ် စွမ်းဆောင်ခဲ့တဲ့ ကိုင်စီဒိုကိုလည်း နည်းပြ မာရက်စ်ကာက မမေ့ခဲ့ပါဘူး။
” သူကလည်း တကယ့် ထိပ်တန်း၊ ထိပ်တန်း ခြေစွမ်းမျိုး မြင်ခဲ့ရတာပါ။ သိပ်ကောင်းတယ်။ မွိုက်စ် ကို ပွဲထုတ်လိုက်တည်းက တော်တော် မိုက်သွားတာ။ ဒီနေ့လည်း သူက ထူးရှယ် အစွမ်းပြပြန်တယ်။ ” လို့ ချီးကျူးခဲ့ပါတယ်။