ချယ်ဆီးအသင်းက လုံးဝကို တောင့်တင်း၊ ထက်မြက်နေပြီလို့ ဂျိုကိုးလ်ကြီး အားပါးတရ ချီးကျူး

စနေနေ့ ည ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဝက်စ်ဟမ်းနဲ့ ချယ်ဆီး တို့ရဲ့ လန်ဒန်ဒါဘီပွဲကတော့ နီကိုးလပ်စ် ဂျက်ဆန် (၂ ဂိုး)၊ ကိုးလ် ပါလ်မာ ၁ ဂိုးတို့နဲ့ အတူ ချယ်ဆီးက ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ချယ်ဆီးနဲ့ ဝက်စ်ဟမ်း နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကွင်းလယ် ကစားသမားဟောင်းကြီး ဂျိုကိုးလ်ကတော့ ချယ်ဆီးအသင်းပုံစံက လုံးဝကို ထက်မြက်နေပြီ လို့ ချီးကျူးလိုက်ပါတယ်။

” ချယ်ဆီးက လုံးဝကို ဖိ ကစားသွားပြီး အသင်းက တောင့်တင်းနေခဲ့တယ်။ မြင်ရတာတွေကတော့ ချယ်ဆီး ပရိသတ်တွေ တောင့်တနေ ဖြစ်ချင်နေတဲ့ ပုံစံမျိုးပါပဲ။

ချယ်ဆီးက လုံးဝကို ထက်မြက်နေပြီး နောက်တန်းကနေ စလို့ စုဖွဲ့မှု ရိတယ်။ ဝက်စ်ဟမ်းက သူတို့ကို တချက်မှတောင် မခြိမ်းခြောက်နိုင်ဘူး။ တကယ့် တောင့်တင်းမှုမျိုး ပြသခဲ့တာ ဖြစ်လို့ မန်နေဂျာကလည်း အတော် အားရကျေနပ် နေပါလိမ့်မယ်။ ” လို့ ဂျိုကိုးလ်က ချီးကျူး သုံးသပ်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းအတွက် ဂျက်ဆန်က ပွဲအစောပိုင်းမှာတင် ဦးဆောင်ဂိုး ရယူသွားပါတယ်။ ဝက်စ်ဟမ်းက နှေးကွေးသလောက် ချယ်ဆီးက ခပ်သွက်သွက် ကစားနိုင်ခြင်းနဲ့အတူ သိပ်မကြာခင် ဂျက်ဆန်ကပဲ ဂိုးထပ်သွင်းခဲ့ပါတယ်။

မထင်မှတ်ထားဘဲ ဦးဆောင်ဂိုးတွေ ဆက်တိုက်ပေးလိုက်ရတာကြောင့် ပြာယာခတ်နေတဲ့ ဝက်စ်ဟမ်းတို့ ဆက်တိုက် တိုက်စစ်ပြန်ဆင်ပေမယ့် အလွဲလွဲအချော်ချော်တွေ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာလည်း ဂျက်ဆန်ရဲ့ ဖန်တီးပေးပို့မှုကနေ ပါလ်မာ တတိယမြောက် ဂိုး သွင်းနိုင်ခဲ့ပြန်ပြီး အိမ်ရှင် ဝက်စ်ဟမ်းတို့ တစ်ဂိုးတောင် ပြန် မချေပနိုင်ဘဲ ပွဲပြီးချိန်မှာ ၃-ဝ နဲ့ အရေးနိမ့်ခဲ့ရတာပါ။

ဒီနိုင်ပွဲကြောင့် ချယ်ဆီးဟာ ပွဲစဉ် ၅ အပြီးမှာ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။