မန်ယူမှာ ၇ လ လောက် အချိန်ယူရတဲ့ ကိစ္စကို ချဲလ်ဆီးမှာ ၄၉ မိနစ်တည်းနဲ့ လုပ်ပြနိုင်ခဲ့တဲ့ ဆန်ချို

အင်္ဂလန်သား တိုက်စစ်သမား ဂျေဒန် ဆန်ချိုဟာ ချဲလ်ဆီးက ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာလည်း ခြေစွမ်းပြကစားနိုင်ပြီးနောက် ချဲလ်ဆီးကစားသမားဘဝ တာထွက်ကောင်းနေပါတယ်။

ဆန်ချို ဟာ ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ မှတ်တမ်းတစ်ခု ရယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်မှာ ရယူဖို့ ၇ လတိုင်တိုင် အချိန်ယူခဲ့ပေမဲ့ ချဲလ်ဆီးမှာ ၄၉ မိနစ်တည်းသာ အချိန်ယူခဲ့ရပါတယ်။

ချဲလ်ဆီးဟာ မနေ့ညတုန်းက ဝက်စ်ဟမ်းနှင့်ပွဲမှာ ပထမပိုင်းမှာ နီကိုလပ်စ်ဂျက်ဆင်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ကိုးလ်ပါမာလ်ရဲ့ ဒုတိယပိုင်းဂိုးဖြင့် သက်တောင့်သက်သာဖြင့် ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

ဆန်ချိုဟာ ပွဲအစ ၄ မိနစ်မှာ တောင်ပံဘယ်ခြမ်းမှာ ရှိနေတဲ့ နီကိုလပ်စ်ဂျက်ဆင်ထံသို့ ပါးနပ်တဲ့ ပေးပို့မှု ပြုလုပ်ကာ အဖွင့်ဂိုးရရှိအောင် ဖန်တီးပေးခဲ့ပါတယ်။

နီကိုလပ်စ်ဂျက်ဆင်ဟာ ဘယ်ခြမ်းတစ်လျှောက် ဆွဲပြေးပြီးနောက် ဂိုးသမားရဲ့ပေါင်ကြားအောက်ကနေ ကန်သွင်းခဲ့တာပါ။

ဆန်ချိုဟာ ချဲလ်ဆီးအတွက် ၄၉ မိနစ်ကစားချိန်မှာပဲ ဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်မှာ ကစားတုန်းက ပထမဆုံး ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ဖို့ ၇ လအထိ အချိန်ယူခဲ့ရတာပါ။

သူဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဒေါ့မွန်မှ ပြောင်းလာပြီးနောက် ဖေဖော်ဝါရီလရောက်ချိန်တွင်မှ လိဒ်အား ၄-၂ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဖန်တီးမှု စတင်ပြုလုပ်နိုင်ခဲ့တာပါ။ သူဟာ ယင်းပွဲမှာ ၂ ကြိမ်ဖန်တီးမှု ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် ဆန်ချိုဟာ ယူနိုက်တက်အတွက် ကစားတဲ့ကာလအတွင်း ၁၂ ဂိုးသွင်းကာ ၆ ကြိမ်တည်းသာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဆန်ချိုက ယခုနွေရာသီမှာတော့ ချဲလ်ဆီးသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာပါတယ်။