
အာဆင်နယ် ကစားသမားဟောင်း ဖြစ်သလို စပိန်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်က တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းဟောင်း အာဆင်နယ်က အနိုင် ၃ မှတ် ရယူသွားနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။
ဖာဘရီဂတ်စ်က အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ ကစားသွားမယ့်ပွဲစဉ်က ၂-၁ နဲ့ ပြီးဆုံးသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး အာတီတာနဲ့ ဂွါဒီယိုတာတို့အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံးမှာ ဆုဖလားအတွက် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နှစ်ကြိမ်စလုံးမှာ မန်ချက်စတာစီးတီးက နောက်ဆုံးမှာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်က ဒီရာသီကို အားကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းကတော့ ၄ ပွဲစလုံးနိုင်ပွဲ ရယူထားနိုင်ခဲ့လို့ နောက်ကနေ လိုက်နေရပြီဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ တနင်္ဂနွေနေ့ အစ်တီဟတ်မှာ ဒီရာသီရဲ့ ချန်ပီယံဘွဲ့အတွက် အရေးကြီးတဲ့ စမ်းသပ်မှုကို ခံသွားကြမှာဖြစ်ပြီး ဖာဘရီဂတ်စ်က အသင်းဟောင်း အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရသွားလိမ့်မယ်လို့ အံ့အားသင့်ဖွယ် ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်ကတော့ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရသွားမယ်လို့ ထင်တယ်။ ဂိုးတွေ မြင်ရပါလိမ့်မယ်။ ဂိုးတွေ မြင်ရနိုင်တယ်ဆိုတာ ကျွန်တော် တော်တော်လေး သေချာနေတယ်။ ခင်ဗျား ဒီအပတ်မှာ ရှုံးရင် ကစားသမားတွေရဲ့ စိတ်ထဲမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘဲ ရှေ့ဆက်သွားနိုင်မှာပါ။
ဘာလို့လဲဆိုတော့ ကစားစရာပွဲတွေ အများကြီး ကျန်နေသေးတာကြောင့်မို့လို့ပါ။ ခင်ဗျား ဒီပွဲကို မတ်လမှာ ရှုံးရင်တော့ ကြီးမားတဲ့ ပြဿနာကြီးဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့ အသင်းတွေဆီကနေ မတူညီတဲ့ ချဉ်းကပ်ပုံတွေနည်းနည်းမြင်ရနိုင်တယ်။ ဒီလိုပွဲတွေက အမြဲတမ်း ၅၀-၅၀ ဖြစ်နေခဲ့တဲ့ ပွဲတွေပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် လေးစားကြပြီး သူတို့အချင်းချင်းရဲ့ အားနည်းချက်၊ အားသာချက်ကိုယ်စီကို သိထားကြလို့ပါ။”လို့ ပြောဆိုခဲ့ပါတယ်။