ဂိုးပေါက် ၂၂ ကြိမ်ထိ ကန်ခဲ့ပေမယ့် စီးတီးတို့ ဂိုးမရဘဲ အင်တာကို သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်

ညက အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကတေတာ့ ဂိုးမရှိ သရေ ရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာကို အနိုင်ယူခဲ့ဖူးတဲ့ မန်စီးတီးအသင်းဟာ ယခုတစ်ခေါက်မှာလည်း ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား ဆွန်မာရဲ့ လက်စွမ်းပြသမှုတွေကြောင့် အိမ်ကွင်းမှာ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။

ဒါ့အပြင် အင်တာမီလန် အသင်းကလည်း ဂိုးမပေးရရေးကိုသာ အဓိက ဉီးတည် ကစားသွားခဲ့သလို ကွင်းလယ် ကစားသမား ၅ ဉီးအထိ အသုံးပြုကာ မန်စီးတီးအသင်းတိုက်စစ်ကို ကွင်းလယ်ပိုင်းမှာကတည်းက ဖြတ်တောက်နိုင်ဖို့ ကြိုးစားခဲ့ပြီး လိုချင်နေတဲ့ ရလဒ်ကို အရယူပြသွားနိုင်ခဲ့ပါတယ်။

မန်စီးတီးကတော့ ဟာလန်း ၊ ဒီဘရိုင်း၊ ဂရေးလစ်ချ်၊ ဆေးလ်ဗား၊ ရိုဒရီ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့သလို ပြိုင်ဘက် အသင်းဂိုးပေါက်ကို ၂၂ ကြိမ်ထိ ကန်သွင်းနိုင်ခဲ့ပြီး အခွင့်အရေး ကြီးကြီးမားမားတွေ ပြုလုပ်သွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အင်တာမီလန် အသင်းရဲ့ တုန့်ပြန်တိုက်စစ်တွေကလည်း မန်စီးတီးအတွက် အတော်လေး အန္တရယ်များစေခဲ့ပြီး နောက်တန်းကစားသမားတွေ အမှားအယွင်းနည်းခဲ့လို့သာ ဂိုးပြန်မပေးခဲ့ရတာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့ ကစားဟန်ကတော့ ယနေ့ပွဲမှာ ဂိုးမမြင်ခဲ့ရပေမယ့် ဖျော်ဖြေမှု အပြည့်အဝပေးစွမ်းနိုင်ခဲ့ပြီး ဖိုဒန်၊ ဂန်ဒိုဂန်၊ ဂရေးလစ်ချ်နဲ့ ဂျီဗာဒီယိုလာတို့ရဲ့ ကန်သွင်းချက်တွေကို ဆွန်မာ တစ်ယောက် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့လို့သာ သွင်းဂိုးတစ်ဂိုးမှ မတွေ့ခဲ့ရပဲ ပွဲစဉ် အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

တစ်ခု ရှိတာက ဒီ သရေ ရလဒ်ကြောင့် မန်စီးတီးရဲ့ ဒီရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နေတာကလည်း ရပ်တန့်သွားခဲ့ရပါတယ်။

ဒါ့အပြင် မန်စီးတီးတို့ အခုလိုမျိုး အုပ်စုအဆင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲမှာ အမှတ်လျော့ခဲ့တာကလည်း (၅) နှစ်အတွင်း ပထမဆုံး ဖြစ်ခဲ့ပါတယ်။