ချယ်ဆီးက ရာသီကုန်ရင် လီဗာပူးကို ကျော်တက်ပြီး အဆင့်ကောင်း ရမယ် ဆိုတဲ့ စူပါကွန်ပျူတာ ခန့်မှန်းဇယား

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး ပြီးဆုံးဖြစ် ထွက်ပေါ်လာမယ့် အဆင့်ရပ်တည်မှုတွေကို OLBG စူပါကွန်ပျူတာနဲ့ တွက်ချက်မှု ရလဒ် ထွက်ပေါ်လာပါတယ်။

အခုမှ ဘောလုံးရာသီသစ် စတင်ချိန်သာ ရှိနေသေးပေမယ့် လက်ရှိ ရရှိထားတဲ့ ရလဒ်တွေ ပြသထားတဲ့ ခြေစွမ်းပိုင်းတွေနဲ့ ကစားသမားအင်အားတွေအပေါ်မှာ အခြေခံပြီး တွက်ချက်ပေးတဲ့ စူပါကွန်ပျူတာရဲ့ ပရီးမီးယားလိဂ် အသင်း(၂၀)လုံးရဲ့ အဆင့်ရပ်တည်ချက် တွက်ချက်မှုကတော့ အံ့အားသင့်စရာ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ချန်ပီယံ ဖြစ်လာမယ့် အသင်းနေရာမှာ မန်ချက်စတာ စီးတီးကိုသာ ရွေးချယ်ခဲ့ပြီး စုစုပေါင်း ရမှတ် (၉၂)မှတ်အထိတောင် ရရှိမယ်လို့ ခန့်မှန်ပေးထားခဲ့ပါတယ်။

အာဆင်နယ်ကိုတော့ အဆင့်(၂)နေရာပဲ ထပ်မံ ရရှိဦးမယ်လို့ ခန့်မှန်းထားပြီး မာရက်စ်ကာရဲ့ ချယ်ဆီးက ဆလော့ရဲ့ လီဗာပူးလ်ကို ကျော်လွန်ပြီး အဆင့်(၃)နေရာထိ ရပ်တည်နိုင်လိမ့်မယ်လို့လည်း ခန့်မှန်ပေးထားပါတယ်။

ဒါကြောင့် မန်စီးတီး အာဆင်နယ် ချယ်ဆီးနဲ့ လီဗာပူးလ်တို့က Top 4 နေရာတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရရှိသွားကြမယ်လို့ ဆိုထားပြီး အဆင့်(၅)နေရာမှာ နယူးကာဆယ်ကို ထားထားသလို အဆင့်(၆)နေရာမှာတော့ ဝက်စ်ဟမ်းကို ထူးထူးဆန်းဆန်း နေရာပေးထားခဲ့ပြန်ပါတယ်။

ဝက်စ်ဟမ်းပြီးမှ အဆင့်(၇)နေရာမှာ ပိုစတီကိုဂလူးရဲ့ စပါးအသင်းကို ရွေးချယ်ထားပြီး အဆင့်(၈)နေရာမှာတော့ မန်ယူနိုက်တက်ကို နေရာပေးထားပါတယ်။

ဒီရာသီမှ တန်းတက်လာကြတဲ့ လက်စတာ အစ်ဝစ်ချ် ဆောက်သမ်တန်တို့ (၃)သင်းမှာ အစ်ဝစ်ချ်နဲ့ ဆောက်သမ်တန်တို့က ချန်ပီယံရှစ်ဆီ တန်းပြန်ဆင်းမယ်လို့ ခန့်မှန်းထားပြီး လက်စတာကတော့ ပရီးမီးယားလိဂ်မှာ ကျန်ခဲ့မယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီတစ်ပတ်မှာ လီဗာပူးလ်ကို အနိုင်ယူထားတဲ့ နော်တင်ဟမ်ဟာလည်း အစ်ဝစ်ချ် ဆောက်သမ်တန်တို့နဲ့အတူ တန်းဆင်းရမယ်လို့ပါ ခန့်မှန်းထားပါသေးတယ်။